သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ လမ်းသွားလမ်းလာတွေကို ထိုးဆိတ်တတ်မှုကြောင့် ဒါဇင်နဲ့ချီ တိုင်ကြားမှုများနဲ့အတူ နာမည်ဆိုးထွက်နေတဲ့ ငှက်ကျားတစ်ကောင်ကို အာဏာပိုင်တွေက ပစ်သတ်ခဲ့ရာ ငှက်ကျားချစ်သူတွေထံမှ ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

(Photo: Roman Joost)
ဒေသဆိုင်ရာကောင်စီက ငှက်ကျားကိုပစ်သတ်ရန် ဆုံးဖြတ်ချက်ကို အလွယ်တကူ ချမှတ်ခဲ့ခြင်း မဟုတ်ကြောင်းနဲ့ ရန်မူတတ်တဲ့ ငှက်တစ်ကောင်တည်းကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ အဆိုပါ ငှက်ကျားဟာ ဆစ်ဒနီမြို့ Hills Shire နယ်မြေမှာ လူတွေကို ထိုးဆိတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခံခံသူအချို့ဟာ ဆေးရုံရောက်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။
သြစတြေလျး ငှက်ကျားတွေဟာ နာမည်တူ ဥရောပငှက်တွေနဲ့ မျိုးစိတ်မတူညီတဲ့ ငှက်တွေဖြစ်ပါတယ်။ ငှက်ကျားတွေဟာ မိတ်လိုက်ရာသီကာလမှာ ဒေါသကြီးလာနိုင်ပြီး ၎င်းတို့အနီးမှ ဖြတ်သန်းသွားတဲ့ လူတွေကို တိုက်ခိုက်တတ်ကြပါတယ်။ သို့သော် သြစတြေးလျမှ ငှက်ကျားမျိုးစိတ်တွေကို ဥပဒေဖြင့် ကာကွယ်ထားပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ဖြင့်သာ ရှင်းလင်းသုတ်သင်နိုင်တာ ဖြစ်ပါတယ်။
(Photo: Getty Images)
Hills Shire မှာ လူတွေကို ငှက်ကျားတစ်ကောင်က ထိုးဆိတ်တိုက်ခိုက်ကြောင်း တိုင်ကြားမှု ၄၀ ကျော် လက်ခံရရှိခဲ့ပြီးနောက် သက်ဆိုင်ရာဌာန အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ဖြင့် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ငှက်ကျား ထိုးဆိတ်တိုက်ခိုက်ခံရတဲ့ မြို့ခံတစ်ဦးဟာ ရုတ်တရက် နှလုံးဖောက်ပြန်မှု ဖြစ်ခဲ့ကြောင်း အစိုးရသတင်းဌာန ABC က ပြောပါတယ်။
ဒေသဆိုင်ရာကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က ABC ကို ပြောကြားမှုအရ ပစ်သတ်ခဲ့ရတဲ့ ငှက်ကျားဟာ အလွန်ဒေါသကြီးနေခဲ့ပြီး ပုံမှန်မဟုတ်ကြောင်းနဲ့ လူတွေရဲ့ မျက်နှာတွေကို ထိုးဆိတ်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ လူတွေကို ထိုးဆိတ်တိုက်ခိုက်နေတဲ့ ငှက်ကျားကို "Windsor Road Monster" လို့ နာမည်ပေးထားကြပြီး နှစ်ပေါင်းအတန်ကြာ ထိုသို့ ထိုးဆိတ်တိုက်ခိုက်နေခဲ့တယ်လို့ ဆိုပါတယ်။
(Screenshot Image: Megpie Alert website)
အဆိုပါ ငှက်ကျားက Hills Shire နယ်မြေမှာ စက်ဘီးစီးသူတွေကို ပစ်မှတ်ထားခဲ့ပုံရကြောင်းလည်း ABC သတင်းမှာ ဖော်ပြထားပါတယ်။ ငှက်ကျား ထိုးဆိတ်တိုက်ခိုက်မှုကို အကြောင်းကြားနိုင်တဲ့ Magpie Alert အမည်ရှိ ဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်ထားခဲ့ရာ ယခုနှစ်အတွင်း တိုက်ခိုက်မှု တစ်ဒါဇင်ထက်မနည်းရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
(Photo: FairFax Media/Getty Images)
ငှက်ကျားတွေဟာ ဖမ်းဆီးရ အလွယ်ကူဆုံး ငှက်တွေဖြစ်ကြောင်းနဲ့ ပြဿနာဖြစ်နေတဲ့ ငှက်ကို ပစ်သတ်ခဲ့ခြင်းအား အလွန်သဘောမကျကြောင်း ငှက်ကျွမ်းကျင်သူ Darryl Jones က ပြောခဲ့ကြောင်း တောရိုင်းတိရိစ္ဆာန်မဂ္ဂဇင်း Australian Geographic က ကိုးကားဖော်ပြခဲ့ပါတယ်။ လူတွေကို ထိုးဆိတ်တိုက်ခိုက်တတ်တဲ့ အလေ့အထရှိပေမဲ့ အဖြူနဲ့အနက် နှစ်ရောင်ရောစပ်နေတဲ့ ငှက်ကျားတွေကို သြစတြေးလျမှာ လူအများအပြားက ချစ်ခင်နှစ်သက်ကြတယ်လို့လည်း သိရပါတယ်။