သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ နှစ်ဦးကို ဒီကနေ့ ဇွန်လ(၃)ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
စောဒေးဗစ်လားက ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းပြီးနောက် ဟိုတယ်Quarantine ရက်ပြည့်တဲ့နေ့မှာပဲ အင်းစိန်ထောင်မှာ ချုပ်ရက်ရမန်နဲ့နေခဲ့ရတာပါ။ ဒီကနေ့ချုပ်ရက် ရမန်ပြည့်ပြီး မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ အတွက် အာမခံလျှောက်ထားမှုကို တရားရုံးတော်မှ ပလပ်ခဲ့ပါတယ်။
“ ဒီနေ့ ရုံးချိန်းမှာတော့ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက ဒီအမှုမှာ ချုပ်ရက်လွတ် အမှုဆောင်ရွက်ခွင့်ပြုပါရန် တင်ပြခဲ့ရာမှာ တရားလိုဘက်နဲ့ စွတ်စွဲခံရတဲ့ ရှေ့နေတွေရဲ့ လျှောက်လွဲချက်တွေကို ကြားနာခဲ့ပြီး နောက်ဆုံးမှာ အာမခံအတွက်ကို ရုံးတော်က ခွင့်မပြုခဲ့ပါဘူး။ ယခုအမှုကိုလည်း အလျင်အမြန်ဆောင်ရွက်ရမယ့် အမှုအဖြစ်လည်းသတ်မှတ်ခဲ့တယ်။နောက်ထပ်ရုံးချိန်းကို ဇွန်လ(၈)ရက်နေ့မှာဆောင်ရွက်မယ်။ အဲဒီရုံးချိန်းမှာတော့ တရားလိုနဲ့ တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးသွားမယ်” လို့ မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမိုးဆွေက မီဒီယာတွေကိုပြောပါတယ်။
COVID 19 ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့တဲ့ စောဒေးဗစ်လားအပါအဝင် (၄)ဦးကို အမှုဖွင့်အရေးယူခဲ့ရာမှာ ဒီကနေ့မှာတော့ ဒေးဗစ်လားနဲ့ ဦးဝေထွန်း (နဝရက်တေးသံသွင်း)တို့ကို ရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားခဲ့ရာမှာ ပယ်ချခံခဲ့ရတာပါ။
အာမခံလျှောက်ထားမှုအတွက် ပယ်ချခံခဲ့ရပြီး စောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို တရားစွဲဆိုမှုအပေါ်မှာတော့ တရားရုံးက လက်ခံခဲ့ပြီး နောက်ရုံးချိန်းကိုတော့ နောက်တစ်ပတ်တနင်္လာနေ့ ဇွန်လ(၈)ရက်နေ့ကို ချိန်းဆိုခဲ့ပါတယ်။ ဒေးဗစ်လားတို့ကို တရားစွဲဆိုလိုက်တဲ့ ပုဒ်မက အာမခံလည်းမရရှိသလို (၃)နှစ်ထက်မပိုသောထောင်ဒဏ်နဲ့ ငွေဒဏ်တို့ကိုပါ ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မမျိုးဖြစ်ပါတယ်။