လူတိုင်းမှာ စိတ်ဒဏ်ရာအနည်းနဲ့ အကျဉ်းတော့ ရှိတတ်ကြပါတယ်။ စိတ်ဒဏ်ရာတွေဟာ ရင့်လာတာနဲ့အမျှ ကိုယ့်အတွက် ကောင်းကျိုးဆိုတာ မရှိနိုင်တော့ပါဘူး။ ဒါ့ကြောင့် စိတ်ဒဏ်ရာတွေ ကိုယ့်မှာ ရှိနေတယ်ဆိုရင် မွေးမထားဘဲ စိတ်ထဲက ရနိုင်သလောက် ရှင်းထုတ်ထားဖို့ လိုအပ်ပါတယ်။ ဖြေရှင်းတဲ့နေရာမှာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် ကိုယ်နဲ့ ဘယ်လိုနည်းနဲ့ ကိုက်ညီမလဲဆိုတာကို အဖြေရှာကြည့်ပါ။
ဒီတော့ ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုနည်းလမ်းတွေရှိမလဲဆိုတာ ကြည့်ကြရအောင်။
caron.org
၁။လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ စိတ်ဒဏ်ရာဟာ ခန္ဓာကိုယ်ရဲ့ သဘာဝမျှခြေကို အနှောင့်အယှက်ဖြစ်စေပြီး လေ့ကျင့်ခန်းကတော့ အာရုံကြောစနစ်တွေကို ပြန်လည် ပြုပြင်ပေးပါတယ်။ တစ်နေ့မှာ နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ရုံနဲ့တင်ကောင်းမွန်စေပါတယ်။ တောင်တက်တာ ၊ လက်ဝှေ့ထိုးတာ ၊ ယောဂကျင့်တာ စတဲ့ လေ့ကျင့်ခန်းတွေဟာ အဆိုးမြင်အတွေးတွေကို ဖြေဖျောက်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။
၂။ယုံကြည်ရတဲ့သူတွေဆီမှာ ရင်ဖွင့်ပါ
ခံစားနေရတာတွေကို တစ်ယောက်တည်း မြိုသိပ်ကျိတ်မှိတ်နေတာဟာ ရောဂါကို ပိုတိုးစေပါတယ်။ အဲဒါကြောင့် ရင်ထဲခံစားနေရသမျှတွေ ပွင့်ထွက်သွားအောင် ရင်ဖွင့်လိုက်ဖို့ လိုပါတယ်။ ရင်ဖွင့်တဲ့နေရာမှာ ကိုယ့်သူငယ်ချင်းတွေ ၊ ကိုယ့်မိသားစုတွေထဲက ယုံကြည်ရတဲ့သူတွေကို ရင်ဖွင့်ပါ။ တကယ်လို့ မိသားစုတွေ၊ သူငယ်ချင်းတွေကို ရင်မဖွင့်ချင်ဘူးဆိုရင်လည်း အခမဲ့ရင်ဖွင့်လို့ရတဲ့ ဝက်ဘ်ဆိုက်တွေ၊ ဆိုရှယ်ပေ့ချ်တွေမှာ အမည်မဖော်လိုသူအနေနဲ့ ရင်ဖွင့်နိုင်ပါတယ်။
၃။ပရဟိတလုပ်ငန်း နဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ပါ
ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို ပြေပျောက်စေနိုင်ဖို့အတွက် ပရဟိတအလုပ်တွေ၊ လူမှုရေးလုပ်ငန်း (ရပ်ကျိုး ရွာကျိုး သယ်ပိုးတာ ၊ စေတီပုထိုးတွေမှာ လုပ်အားဖြည့်တာ ၊ အသင်းအဖွဲ့တွေမှာပါဝင်လုပ်ကိုင်တာ ) တွေမှာ ပါဝင်အားဖြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုလုပ်အားကို အသုံးပြုခြင်းအားဖြင့် စိတ်ဒဏ်ရာကို အကျက်မြန်စေပါတယ်။ လူသစ်တွေနဲ့ တွေ့ဆုံပြီး အတူတကွ အလုပ်လုပ်ခြင်းအားဖြင့်လည်း စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ သူတပါးကို ကူညီပေးခြင်းဟာ ကိုယ့်ကို ပြည့်စုံစေတဲ့ စိတ်ခံစားချက်ကို ဖြစ်ပေါ်စေပြီး အကူအညီမဲ့တဲ့ ခံစားချက်တွေကို လျော့ပါးစေကာ ကိုယ့်ရဲ့ အားသာချက်တွေကိုလည်း သိလာစေပါတယ်။
namigreenvillesc.org
၄။ ကိုယ်နဲ့ ဝေဒနာတူသူများနဲ့ အတွေ့အကြုံဖလှယ်ပါ
ကိုယ့်လိုပဲ စိတ်ဝေဒနာခံစားရသူတွေနဲ့ သီးသန့်စကားဝိုင်းပြုလုပ်ပြီး ကိုယ်ခံစားနေရတာတွေ၊ တခြားသူခံစားနေရတာတွေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားနေကြသလဲဆိုတာတွေကိုပါ ဝေမျှဖလှယ်တာမျိုး လုပ်သင့်ပါတယ်။ ဒီအခါမှာ ဒီလိုမျိုး ခံစားနေရတာတွေဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါလားဆိုတာကို သိမြင်သွားတဲ့အတွက် ကိုယ့်ရဲ့ စိတ်ဒဏ်ရာကိုလည်း လျော့ပါသက်သာစေပါတယ်။ တစ်ဦးနဲ့ တစ်ဦး နှစ်သိမ့်မှုတွေလည်း ပြုလုပ်ကြမှာဖြစ်တဲ့အတွက် နှစ်သိမ့်မှုဟာလည်း စိတ်ကျန်းမာရေးတိုးတက်ေကာင်းမွန်လာစေဖို့အတွက် အကူအညီပေးပါတယ်။
၅။အားပါးတရ ငိုချပါ
ကိုယ့်ရဲ့ စိတ်ဒဏ်ရာကြောင့် ငိုချင်စိတ် ပြည့်လျှံလာတာမျိုး ဖြစ်လာချိန်မှာ တင်းခံနေတာမျိုးမလုပ်ဘဲ အားပါးတရ ငိုချပစ်လိုက်ပါ။ ပြင်းပြင်းထန်ထန်ငိုချလိုက်တာ က တစ်ဖန်အားသစ်ပြန်မွေးတာနဲ့ အတူတူပါပဲ။ ငိုခြင်းဟာ ပိုမို ကြံ့ခိုင်မှုရှိလာစေပါတယ်။ ဒါ့ကြောင့် ကိုယ့်ကို နားလည်နိုင်မယ့် ရင်ခွင် ဒါမှမဟုတ် ဘယ်သူမှ ရှိမနေနိုင်တဲ့ နေရာ (ဥပမာ - ရေချိုးခန်း လိုနေရာမျိုး)မှာ အားရပါးရ ငိုချလိုက်ပါ။
၆။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါ
တချို့လူတွေမှာ အရမ်းစိတ်ညစ်လာရင် အိပ်ပစ်လိုက်တဲ့အခါ သက်သာသွားတာမျိုးရှိပါတယ်။ ခန္ဓာကိုယ်က အိပ်ဖို့တတ်နိုင်သလောက်ထိ အိပ်ကြည့်လိုက်ပါ။ အိပ်စက်ခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် စိတ်ကျရောဂါဖြစ်ခြင်း ၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဒဏ်ရာတွေ ပြင်းထန်ပြီး နေလို့မရဖြစ်တဲ့အခါ အိပ်လို့ ရတယ်ဆိုရင် အိပ်ပစ်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
၇။အစားကောင်းကောင်းစားပါ
စိတ်ညစ်လွန်းလို့ ဘာအစားမှမစားဖြစ်ဘူးဆိုရင် သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး အစားကောင်းကောင်းလေးတွေ စားသောက်ကြည့်ပါ။ စိတ်ကျန်းမာရေးမကောင်းချိန်မှာ အစားကောင်းစားတာ ၊ ကောင်းမွန်တဲ့ အစားအစာတွေ ချက်ပြုတ်ခြင်းဟာလည်း ကောင်းမွန်တဲ့ ကုစားနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုတွေကို ပိုမိုဖြစ်ပေါ်စေတဲ့ အရက်၊ သကြားဓာတ်အများအပြားပါဝင်တဲ့ အချိုရည် နဲ့ ကော်ဖီတို့ကိုတော့ အကန့်အသတ်နဲ့ သောက်သုံးဖို့ သတိပေးချင်ပါတယ်။
news.sky.com
၈။ချစ်ခင်နှစ်သက်သူတွေနဲ့ ပွေ့ဖက်ပါ
ပွေ့ဖက်ခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကိုယ့်ကို နားလည်နှစ်သိမ့်ပေးနိုင်တဲ့သူ တစ်ယောက်လောက်ဆီမှာ ရင်ဖွင့်တာ ၊ ပွေ့ဖက်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ပွေ့ဖက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ၊ ယုံကြည်ရမှု ၊ ချစ်ခြင်းမေတ္တာခံစားရမှု ၊ ပေျာ်ရွှင်မှုတွေကို ခံစားရစေပြီး စိတ်ဓာတ်ကျရောဂါ၊ စိတ်ပိုင်းဆိုင်ရာဝေဒနာ နဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။
ဒီနည်းလမ်း (၈) မျိုးကတော့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ စိတ်ဒဏ်ရာတွေကို သက်သာစေတဲ့နည်းလမ်းတွေဖြစ်ပါတယ်။
မဒီတို့လည်း စိတ်ဒဏ်ရာတွေနဲ့ ကင်းဝေးနိုင်ကြပါစေ။