ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းမှာ ပွဲထွက်ခွင့်မရတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်နဲ့ပတ်သက်လို့ အသင်းမှာ စိတ်ကောက်တတ်တဲ့သူတွေအတွက် နေရာမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

မနက်ဖြန်၊ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှာ ကစားမယ့် အဲဗာတန်နဲ့အိမ်ကွင်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက အခုလိုမျိုး ပြတ်ပြတ်သားသား ပြောကြားလာခဲ့တာပါ။ ဗန်ဒီဘိခ်ဟာ အေဂျက်စ်ကနေ ယူနိုက်တက်ကိုရောက်လာပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဆိုးလ်ရှားကတော့ ဗန်ဒီဘိခ်ကို အသင်းမှာပဲ ဆက်ထိန်းထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဗန်ဒီဘိခ်အတွက် လုံလောက်တဲ့အခွင့်အရေးမရခဲ့ဘဲ ဗီလာရီးရဲယ်နဲ့ပွဲမှာလည်း ဗန်ဒီဘိခ်က လူစားဝင်ခွင့်မရတာကြောင့် အရံခုံပေါ်မှာထိုင်ရင်း သူ့ပါးစပ်ထဲကပီကေကို ဒေါသတကြီး လွှင့်ပစ်ခဲ့သေးတာပါ။
ဗန်ဒီဘိခ်နဲ့ပတ်သက်လို့ ဆိုးလ်ရှားက “ကျွန်တော် အခု စီမံခန့်ခွဲနေရတာက နိုင်ငံတကာ လက်ရွေးစင်အဆင့် ကစားသမားတွေပါ။ ပြိုင်ဆိုင်မှုပြင်းထန်ပြီး မတူကွဲပြားတာတွေကို လုပ်ပြ၊ ကစားပြချင်နေတဲ့ ကစားသမားတွေပါ။ သူတို့အားလုံးက ကွင်းထဲမှာဝင်ကစားခွင့်ရချင်ပါတယ်”
“ဒွန်နီ (ဗန်ဒီဘိခ်) က ဗီလာရီးရဲယ်နဲ့ပွဲမှာ ဝင်ကစားဖို့ အဆင်သင့်ဖြစ်ခဲ့ပါတယ်။ သူ့လိုပဲ အခြားကစားသမားတွေလည်း ဝင်ကစားခွင့်ရသင့်ပါတယ်။ ဒီအသင်းမှာ ကျွန်တော့်လောက် လူစားဝင်ကစားသမားဖြစ်ခဲ့ဖူးတဲ့သူမရှိလောက်ပါဘူး။ (သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝကို ရည်ရွယ်သည်) ဒီအတွက် ခင်ဗျားအနေနဲ့ အချိန်ပြည့်အဆင်သင့်ဖြစ်နေရမှာပါ”
“တစ်ခါတလေတော့ ကျွန်တော်လည်း လူစားဝင်ကစားသမားဖြစ်နေရတာ ဘယ်ပျော်နိုင်ပါ့မလဲ။ ဒါပေမယ့် ဒါက နည်းပြရဲ့ဆုံးဖြတ်ချက်ပဲလေ။ အဲလက်စ်တဲလက်စ်က ဘယ်နောက်ခံလူပါ။ သူ့ကို လူစားလဲတဲ့အခါမှာ အသင့်တော်ဆုံးက ဖရက်ဒ်ပါပဲ။ (ဗီလာရီးရဲယ်နဲ့ပွဲက လူစားလဲမှုကို ရည်ညွှန်းသည်) ဗန်ဒီဘိခ်စိတ်ပျက်ရတာကို ကျွန်တော်နားလည်ပါတယ်"
“ကျွန်တော်တို့အသင်းမှာ စိတ်ကောက်တတ်တဲ့ ကစားသမား ရှိလို့မရပါဘူး။ ဒါပေမယ့် ဗန်ဒီဘိခ်ကတော့ အသင်းကို အနှုတ်လက္ခဏာဆောင်စေတဲ့ ကစားသမားမျိုးလည်း တစ်ခါမှမဖြစ်ခဲ့ဖူးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ဗန်ဒီဘိခ်ဟာ ဗီလာရီးရဲယ်နဲ့ပွဲမှာ လူစားဝင်ခွင့်မရတဲ့အပေါ် အကြီးအကျယ် စိတ်ပျက်ခဲ့ပြီး လာမယ့်ဇန်နဝါရီမှာတင် အသင်းကထွက်ခွာဖို့ ထပ်မံကြိုးစားလာမယ်လို့လည်း သိရှိရပါတယ်။