• Featured

    စိတ်ညစ်တိုင်းShopping ထွက်လိုက်ရမှ ကျေနပ်တတ်တဲ့ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ

Emotional Spending လို့ခေါ်တဲ့ ပစ္စည်းတွေကို လိုလို မလိုလို မစဥ်းစားဘဲ နဲ့စိတ်အဆာပြေဖို့အတွက် ဝယ်တဲ့ပြဿနာတွေ က ဒီနောက်ပိုင်းမှာ ပိုကြီးလာတာတွေ့ရပါတယ်။

စိတ်ညစ်တယ်ဆိုတိုင်း Shopping ထွက်လိုက်ရမှ၊ ပစ္စည်းတစ်ခုခု ဝယ်လိုက်ရမှ ကျေနပ်သွားတဲ့သူတွေ ရှိပါသလား။ ဒါဆိုရင်တော့ သင်က Emotional Spending လို့ခေါ်တဲ့ ပစ္စည်းတွေကို လိုလို မလိုလို မစဥ်းစားဘဲ စိတ်အဆာပြေဖို့ သက်သက်အတွက် ဝယ်တာမျိုး ဖြစ်နေပါပြီ။ 

ဒီလိုမျိုး Emotional Spending လို့ခေါ်တဲ့ ပြဿနာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။ စိတ်ဖိစီးမှုတွေ ကြုံတဲ့အခါ Emotional Spending လုပ်မယ့်အစား ဘယ်လိုနည်းလမ်းတွေနဲ့ ကျော်လွှားဖြေရှင်းသင့်ပါသလဲ Talk With Me မှ Founderလည်း ဖြစ် Mental Healer တစ်ဦးဖြစ်သူ ကိုမျိုးမင်းသူက အခုလို မျှဝေထားပါတယ်။


image

Photo - Forbes

Emotional Spending ဘာလို့ဖြစ်

လက်ရှိပြည်တွင်းမှာရော ပြည်ပမှာပါ လူသားတွေအနေနဲ့ ကြုံတွေ့နေရတဲ့ ကပ်ဘေးတွေကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေက ဆင်တူယိုးမှားလေးတွေ ဖြစ်လာတာတွေ့ရပါတယ်။ တစ်ကမ္ဘာလုံးမှာ နိုင်ငံရေးအခြေအနေ ကြောင့်ပဲဖြစ်ဖြစ်၊ သဘာဝဘေးအန္တ ရာယ်ကြောင့်ပဲ ဖြစ်ဖြစ် လူတွေက စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး ထွက်ပေါက်တွေ ရှာလာကြပါတယ်။ ဒီလိုပဲ ရှာမိရင်းနဲ့ Emotional Spending လို့ခေါ်တဲ့ ပစ္စည်းတွေကို လိုလို မလိုလို မစဥ်းစားဘဲ နဲ့စိတ်အဆာပြေဖို့အတွက် ဝယ်တဲ့ပြဿနာတွေ က ဒီနောက်ပိုင်းမှာ ပိုကြီးလာတာတွေ့ရပါတယ်။

အဆိုးသံသရာလည်စေတဲ့ Emotional Spending

ဒီလိုမျိုးနည်းလမ်းနဲ့ စိတ်ဖိစီးမှုကို လျှော့ချတာ အဆင်မပြေဘူးလားလို့ မေးရင် ငွေကြေးအင်အားတောင့်တင်းတဲ့ သူတွေအတွက် ဒါက ပြောပလောက်တဲ့ ပြဿနာမျိုးမဟုတ်ပေမယ့် လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေအတွက် ဒီအကျင့်ကြီး စွဲကပ်လာတဲ့အခါ သူတို့ ဘဝနေထိုင် ရေး၊ အနာဂတ်အတွက် ပြဿနာတစ်ခုအနေနဲ့ ကြုံတွေ့လာ ရတတ်ပါတယ်။ ဆိုတော့ ကိုယ့်စိတ်အဆင်မပြေလို့ မလိုအပ်ဘဲ ပိုက်ဆံတွေ ဖြုန်းမိတယ်။ အဲဒီလို ဖြုန်းမိသွားလို့ပဲ ပိုက်ဆံတွေ ကုန်လို့ ပိုပြီး စိတ်ညစ်ရတယ်။ ဒီလိုမျိုး အဆိုးသံသ ရာလည်တဲ့ ကိစ္စကြီး ဖြစ်ပေါ်လာပါတယ်။

Emotional Spending ဘယ်လိုအခြေအနေမှာ အဖြစ်များလဲ။

ကိုယ့်စိတ်အခြေအနေ မတည်မငြိမ်ဖြစ်တဲ့အခြေအနေမျိုးမှာ ပိုပြီး အဖြစ်များပါတယ်။ အပျော်လွန်တဲ့အခြေအနေ ၊ စိတ်ဆင်းရဲလွန်းတဲ့ အခြေအနေ အထူးသဖြင့် ကိုယ့် ရဲ့ စိတ်ခံစားချက်ကို မထိန်းနိုင်တဲ့ အချိန်မှာ ပိုပြီးဖြစ်တတ်ပါတယ်။ အဲဒီမှာမှ ပျော်လွန်းလို့ ပစ္စည်းတွေ ဝယ်သုံးတယ် ဆိုတာမျိုးကတော့ ရှားပါတယ်။ ကိုယ့် စိတ်အဆင်မပြေတဲ့အချိန်၊ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ ခုနက ပြောတဲ့ Emotional Spending လို့‌ ခေါ်တဲ့မလိုအပ်ဘဲနဲ့ ပစ္စည်းဝယ်တဲ့ အလေ့အကျင့်က ပိုပြီးတွေ့ ရပါတယ်။

 

Photo - imoney.my

အကြောင်းရင်းကတော့ အဲဒီအချိန်မှာ လူတွေက ထွက်ပေါက် ရှာမိတယ်။ အဖြေ ရှာမိတယ်။ ဒီပစ္စည်းသည် ကိုယ့်အတွက် အသုံးဝင်သလား တန် ရဲ့လား မတန်ဘူးလားဆိုတာ မစဥ်းစားတော့ဘဲ လိုချင်တာကို ဝယ်လိုက်တဲ့အခါမှာ Happiness Hormones တွေဖြစ်တဲ့ Serotonin၊ Oxytocin နဲ့ Dopamine hormones တွေထွက်တာကြောင့် စိတ်ထဲမှာသက်သာရာရသလို ခံစားရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒါက တဒင်္ဂ သာယာမှု ပါပဲ။ ငွေကြေးက ကိုယ်တကယ်သုံးဖို့လိုတဲ့အခါမှာ စိတ်ဖိစီးမှုက ထပ်ဖြစ်လာပါတယ်။ အဲဒါနဲ့ပဲ အဆိုးသံသရာလည်သွားပါတယ်။

ရေရှည်မှာ ဘာတွေ ဖြစ်နိုင်လဲ။

ဒီလိုမျိုး Emotional Spending လုပ်ခြင်းကနေ  အဆိုးဆုံးအခြေအနေဖြစ်လာတာကတော့ ထွက်ပေါက်ရှာမိရင်းကနေ တကယ့်ထွက်ပေါက်မဖြစ်တာကို သိလာပြီး စိတ်ဓာတ်က ပိုကျလာတယ်။ ကိုယ့်ကိုကိုယ် အပြစ်တင်လာတယ်။ ကိုယ့်ကိုယ်ကို နာကျင်စေအောင် လုပ်မိလာတယ်။ နောက်ပြီးတော့ မလိုအပ်ဘဲ ပစ္စည်းတွေ လိုက်ဝယ်တာက အကျင့်လိုဖြစ်နေပြီ။ ဒါက ကိုယ့်အတွက် ကောင်းမွန်တဲ့ အဖြေတစ်ခုလည်း မဟုတ်နေပြန်ဘူး။ စိတ်ညစ်တိုင်း Emotional Spending မလုပ်ရရင်လည်း မနေနိုင်ပြန်ဘဲ အကျင့်ဆိုးတစ်ခုနဲ့ စွဲကပ်သွားတဲ့အခါ ရေရှည်မှာ စိတ်နဲ့ ပတ်သက်တဲ့ ‌ရောဂါ တစ်ခုအဖြစ်နဲ့ စွဲကပ်သွားနိုင်တယ်ဆိုတာ သတိပြုပါ။ ဒီလို စိတ်ခံစားမှုနဲ့ဆိုင်တဲ့ ပစ္စည်းဝယ်ယူခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ ငွေရေးကြေးရေး ထိခိုက်မှုရှိနိုင်တဲ့အပြင် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတွေရဲ့ လက္ခဏာတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။

ဒါဆို ဘာတွေလုပ်မလဲ။

-    ဒီလိုမျိုး မလိုအပ်တဲ့ ပစ္စည်းတွေဝင်လာပြီဆို ဘယ်ပစ္စည်းဝယ်ချင်တာလဲ၊ ဘယ်နေရာမှာသုံးမှာလဲ ဆိုပြီး နှစ်ခါပြန်တွေးတဲ့ အကြည့်ကို လုပ်ပါ။ ဒီပစ္စည်းက တကယ်ငါ့အတွက် အသုံးဝင်လား၊ ငါတကယ်လိုအပ်တာလား စိတ်ညစ်လို့ ဝယ်တာလားဆိုတာ ကို သေချာသိအောင် ခွဲခြားသိမြင်တတ်တဲ့ အလေ့အကျင့်လေးလုပ်ပါ။

-    တကယ်လိုပြီဆိုရင်လည်း တတ်နိုင်သလောက်ချုံ့ပြီး ဝယ်ကြပါ။ အမျိုးသမီးအများစုဟာဆိုရင် အလှပြင်ပစ္စည်းတွေ၊ အဝတ်အစားတွေ စုပြုံဝယ်တတ်ကြပါတယ်။ အဲဒီအစားကိုယ်တကယ်လိုအပ်မယ့် အရာကိုပဲ ချုံ့ပြီး ဝယ်သင့်ပါတယ်။

-    စိတ်ကိုပြတ်သားပါ။ လိုအပ်လို့ ဝယ်လိုက်မိတယ်ဆိုရင်လည်း နောက်ထပ် ငါထပ်မဝယ်တော့ဘူးဆိုပြီး စိတ်ကိုပြတ်သားဖို့ လိုပါတယ်။

-    ငွေကုန်ကြေးကျနည်းတဲ့ စိတ်အပန်းဖြေမှုတွေ လုပ်ပါ။ တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ အိပ်လိုက်တာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ။ ရုပ်ရှင်ကြည့်တာ။ စသဖြင့် ကိုယ်နှစ်သက်တဲ့အရာတစ်ခုခုကို လုပ်ကြည့်ပါ။

Share

Loading Next Article...
က္က