သစ်မှောင်ခိုနဲ့ သစ်ခွဲစက် ကို မှတ်တမ်းတင်ဓါတ်ပုံရိုက်တဲ့ အမျိုးသားတစ်ယောက်ကို ဓါတ်ပုံရိုက်ပြီး အပြန်လမ်းမှာ ဓါးနဲ့ ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ခေါင်းဖြတ်သတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့ကသိရပါတယ်။
Photo - နိုင်နိုင်အောင်
ကသာခရိုင် အင်းတော်မြို့နယ် ရွာသာယာ ကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ရွာသာယာရွာသားနှစ်ယောက်က သစ်မှောင်ခိုလုပ်နေတာနဲ့ သစ်စက်ကို ဓါတ်ပုံရိုက်ပြီး အပြန်မှာ လမ်းမှာ လူ စုပြီး သတ်ဖြတ်ခဲ့တာဖြစ်ပြီး တစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။
လွတ်မြောက်သွားသူဟာ နယ်မြေရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စစ်ဆေးရာမှာသေဆုံးသူ အသက် ၃၇ နှစ်အရွယ် ကိုစိုးနိုင်ရဲ့ အလောင်းကို အခင်းဖြစ်တဲ့ နေရာနားမှာမြေမြုပ်ထားတာကိုတွေ့ခဲ့ရပြီး လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။
Photo - နိုင်နိုင်အောင်
"သစ်တွေ မှောင်ခိုလုပ်နေတာကို ဓါတ်ပုံသွားရိုက်လို့ စကားများရာကနေ အပြန်မှာ လူစုပြီး သတ်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ပါတယ်။ ၂၂ ရက်နေ့က တစ်ယောက်မိထားပါတယ်။"လို့ အင်းတော်ရဲစခန်းက ရဲအရာရှိတစ်ဦးက သြဂုတ်လ ၂၃ ရက်နေ့မှာ Duwun ကို အတည်ပြုပြောပါတယ်။
လူသတ်မှုကျူးလွန်ခဲ့ရာမှာပါဝင်ခဲ့တဲ့ လူတွေအနက် ဝင်းကို ဆိုသူကို သက်သေများနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး သစ်စက်ပိုင်ရှင် ဝင်းအောင် ကထွက်ပြေး တိမ်းရှောင်နေတယ်လို့သိရပါတယ်။
Photo - နိုင်နိုင်အောင်
ပြစ်မှုကျူးလွန်သူတွေထဲက လွတ်မြောက်နေသူတွေကို ရဲတပ်ဖွဲ့က စုံစမ်းနေပြီးတော့ ရဲစခန်းမှာ (ပ) ၁၁၉ / ၂၀၁၈ ရာဇသတ်ကြီး ၃၀၂ / ၃၂၅ / ၃၂၆ / ၂၀၁ / ၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။
သေဆုံးသူနဲ့ သတ်တဲ့သူတွေဟာ တစ်ရွာတည်းသားတွေဖြစ်ပြီး အသက်ဘေးက လွတ်မြောက်လာတဲ့ သူကလည်း ဒဏ်ရာ ပြင်းထန်တာကြောင့် အင်းတော်ဆေးရုံးမှာ ဆေးကုသမှုခံနေရတယ်လို့သိရပါတယ်။