သြစတြေးလျမှာ သမိုင်းတစ်လျှောက် စံချိန်တင် အပူဆုံးနွေရာသီကို တွေ့ကြုံနေရတယ်လို့ နိုင်ငံရဲ့ မိုးလေဝသဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ သုံးလအတွင်း သြစတြေးလျနိုင်ငံတစ်ဝှမ်း အပူချိန် စံချိန်တင်မြင့်တက်မှုများ ရာနဲ့ချီဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရပါတယ်။
(Photo: EPA)
ကာလရှည်ကြာ ပျမ်းမျှအပူချိန်ထက် ယခုနှစ် နွေရာသီအပူချိန်ဟာ ၂.၁၄ ဒီဂရီဆဲလ်စီးယပ် ပိုမြင့်တက်ခဲ့ပြီး တောမီးလောင်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ အပူဒဏ်ကြောင့် ဆေးရုံတက်ရောက်ရမှုတွေ မြင့်တက်ခဲ့ပါတယ်။ အပူဒဏ်ကို တောရိုင်းတိရိစ္ဆာန်တွေလည်း ခံစားရခဲ့ရပြီး မြင်းရိုင်းများ၊ ဒေသမျိုရင်း လင်းနို့များနဲ့ ငါးများ အစုအပြုံလိုက် သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။
သြစတြေလျးမှာ ယခင်က စံချိန်တင် အပူဆုံးနွေရာသီကို ၂၀၁၂-၁၃ မှာ ကြုံခဲ့ရဖူးပြီး ထိုစဉ်က ပျမ်းမျှအပူချိန်အထက် ၁ ဒီဂရီဆဲလ်စီးယပ် ကျော်လွန်ခဲ့ပါတယ်။ ယခုနှစ် နွေရာသီရဲ့ ပျမ်းမျှအပူချိန်ဟာ ယခင် စံချိန်တင်ထားခဲ့စဉ်က ပျမ်းမျှအပူချိန်အထက် မြင့်တက်ခဲ့မှုထက် သိသာစွာ ပိုများနေခဲ့တာလည်း ဖြစ်ပါတယ်။
(Photo: phys.org)
ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူ Blair Trewin က BBC သတင်းဌာနကို ပြောခဲ့ပါတယ်။ သြစတြေးလျ နွေရာသီရဲ့ ကာလရှည်ကြာ ပျမ်းမျှအပူချိန်ဟာ ၂၇.၅ ဒီဂရီဆဲလ်စီးယပ် ဖြစ်တယ်လို့လည်း မိုးလေဝသဌာနက ယနေ့ (မတ်လ ၁ ရက်) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သြစတြေးလျမှာ ဇန်နဝါရီလအတွင်းက အပူဆုံးနေ့ရက် ငါးရက်ထက်မနည်း ကြုံခဲ့ရပြီး နိုင်ငံရဲ့ သမိုင်းတစ်လျှောက် အပူဆုံးလအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။
အပူချိန်လွန်ကဲမှုဟာ သြစတြေးလျ ပြည်နယ်နဲ့ နေရာဒေသတိုင်းမှာ သက်ရောက်ခဲ့ပေမဲ့ တောင်ပိုင်းသြစတြေးလျ၊ ဗစ်တိုးရီးယားနဲ့ New South Wales တို့မှာ အလွန်အမင်း ပူပြင်းမှုကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ အပူချိန်လွန်ကဲမှုကြောင့် Tasmania ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သစ်တောများအတွင်း ဒါဇင်နဲ့ချီတဲ့ နေရာတွေမှာ တောမီးလောင်ဖြစ်ခဲ့ပါတယ်။
မဲလ်ဘုန်းမှာလည်း အပူချိန်မြင့်တက်နေမှုကြောင့် လေအေးပေးစက် အသုံးပြုမှု မြင့်တက်ခဲ့ရာမှာ နေရာဒေသ အနှံ့အပြားမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ သြစတြေးလျ Northern Territory မှာလည်း ပူပြင်းမှုကြောင့် ခမ်းခြောက်နေတဲ့ ရေအိုင်တစ်ခုထဲမှာ မြင်းရိုင်းအကောင်ရေ ၉၀ ကျော် အစုအပြုံလိုက် သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် ပူပြင်းခြောက်သွေ့မှု ကြုံတွေ့နေရတဲ့ နေရာဒေသအတွင်း မြစ်ကမ်းပါးများတစ်လျှောက်မှာ အကောင်ရေ တစ်သန်းအထိရှိနိုင်တဲ့ ငါးများသေဆုံးနေတာလည်း တွေ့ခဲ့ရတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တို့ဟာ သြစတြေးလျရဲ့ တတိယမြောက်နဲ့ စတုတ္တမြောက် အပူဆုံးနှစ်များ ဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုထားကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။