အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ စက်တင်ဘာရဲ့ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်သတ်မှတ်ခံခဲ့ရပါတယ်။
အာဆင်နယ်ဟာ ရာသီအဖွင့် (၃) ပွဲဆက်ဖြစ်တဲ့ ဘရန့်ဖို့ဒ်၊ ချဲလ်ဆီး၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ တစ်ဂိုးမှ မသွင်းနိုင်ဘဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ (၃) ပွဲမှာ (၃) ပွဲလုံး အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်ကလည်း အဲ့ဒီပွဲတွေမှာ (၅) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးမပေးရတဲ့ပွဲ (၂) ပွဲအထိရှိခဲ့တာပါ။
အာတီတာဟာ ဒီဆုအတွက် နာမည်ကျော်နည်းပြတွေဖြစ်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်၊ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာ၊ အက်စတွန်ဗီလာနည်းပြ ဒင်းစမစ်တို့နဲ့အတူ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီး အခုလိုမျိုး ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အာဆင်နယ်ဟာ စက်တင်ဘာအတွင်းမှာ နော့ဝစ်ချ်၊ ဘန်လေ၊ စပါးတို့နဲ့ ကစားခဲ့တာဖြစ်ပြီး ရှေ့ နှစ်ပွဲမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ စပါးနဲ့ပွဲမှာတော့ အာဆင်နယ်ရဲ့ ဒီရာသီမြင်တွေ့ပြီးခဲ့တဲ့အထဲ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ၃-၁ ဂိုးနဲ့ အနိုင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ပွဲ (အောက်တိုဘာအတွင်းပွဲ) မှာတော့ အာဆင်နယ်တို့ ဘရိုက်တန်ကို အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး လက်ရှိအချိန်မှာ အသင်းက အမှတ်ပေးဇယားရဲ့ အဆင့် (၁၁) နေရာမှာ ရပ်တည်နေပါတယ်။
ရာသီအဖွင့် (၃) ပွဲပြီးဆုံးချိန်မှာ အာဆင်နယ်တို့ တန်းဆင်းဇုန်ထဲအထိ ရောက်ရှိသွားခဲ့ပြီး အာတီတာကိုလည်း ရာထူးက ထုတ်ပယ်တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် အာတီတာနဲ့ အာဆင်နယ်တို့ကတော့ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပြီး အာတီတာကလည်း အခုလိုမျိုး စက်တင်ဘာရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။