၃ ပတ်ကြာ စမ်းသပ်သွားမှာပါ

           စင်ကာပူနိုင်ငံမှာ လမ်းပေါ်ဆေးလိပ်သောက်တာ ၊ COVID-19 စည်းမျဉ်းချိုးဖောက်တာ စတဲ့ မလိုလားအပ်တဲ့ လူမှုအပြုအမူတွေ လုပ်တာကို ကြပ်မတ်ဖို့ အလိုအလျောက်စနစ်သုံး စက်ရုပ်တွေနဲ့ စောင့်ကြည့်ကင်းလှည့်မှု လုပ်နေပြီလို့ ဆိုပါတယ်။



           အလိုအလျောက်စနစ်သုံး ကင်းလှည့်စက်ရုပ်တွေကို သုံးပတ်ကြာ စမ်းသပ်အသုံးပြုနေတာ ဖြစ်ပြီး လူစည်ကားတဲ့နေရာတွေမှာ စောင့်ကြည့်ကြပ်မတ်ဖို့ သုံးနေတာပါ။ ကမ္ဘာ့လုံခြုံမှုအရှိဆုံးနိုင်ငံထဲက တစ်နိုင်ငံအဖြစ် သတ်မှတ်ထားတဲ့ စင်ကာပူမှာ Xavier လို့ ခေါ်တဲ့ ကင်းလှည့်စက်ရုပ်နှစ်ခုကို သုံးနေတာ ဖြစ်တယ်လို့ Reuters သတင်းက ဆိုပါတယ်။ ယဉ်ကျေးမှုမရှိတဲ့ အပြုအမူတွေကို ထောက်လှမ်းဖို့ နဲ့ ထိန်းချုပ်ဗဟိုစင်တာကို အသိပေးတိုင်ကြားဖို့ ၃၆၀ ဒီဂရီ ပတ်ပတ်လည်ကင်မရာတွေနဲ့ အချက်ပြစနစ်တွေလည်း ဒီစက်ရုပ်တွေမှာ တပ်ဆင်ထားပါတယ်။


Photo: Reuters

           ဒီစက်ရုပ်တွေမှာ အလင်းအားနည်းချိန်မြင်ကွင်းတွေကိုပါ ဖမ်းယူနိုင်ဖို့ IR နဲ့ Low-Light ကင်မရာတွေလည်း သုံးထားတာပါ။ ဒါ့အပြင် AI စနစ်ကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကိုလည်း သရုပ်ခွဲနိုင်မယ်လို့ ဆိုပါတယ်။ မြို့တွင်းမှာ အလိုအလျောက် သွားနိုင်ဖို့ ၊ လမ်းသွားလမ်းလာနဲ့ ယာဉ်တွေကို ရှောင်ရှားနိုင်ဖို့အတွက်လည်း ဒီစ်ကရုပ်တွေမှာ အာရုံခံ Sensor တွေ တပ်ဆင်ထားပါတယ်။ Xavier စက်ရုပ်တွေဟာ စောင့်ကြည့်တာအပြင် ကောင်းမွန်တဲ့အပြုအမူတွေ လုပ်ကြဖို့ လူတွေကို ပညာပေးတဲ့ မက်ဆေ့တွေ ဖော်ပြမှုလည်း လုပ်ဆောင်နေပါတယ်။

           စင်ကာပူသိပ္ပံနဲ့နည်းပညာ အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ Xavier စက်ရုပ်တွေဟာ တားမြစ်ထားတဲ့နေရာတွေမှာ ဆေးလိပ်သောက်တာ ၊ COVID-19 စည်းကမ်းချိုးဖောက်တာနဲ့ စက်ဘီးတွေကို စနစ်တကျပါကင်မထိုးတာလိုမျိုး အပြုအမူတွေကို ထောက်လှမ်းနိုင်မယ်လို့ ဆိုပါတယ်။ လောလောဆယ် စင်ကာပူရဲ့ အချက်အချာကျတဲ့ ဈေးဝယ်စင်တာတွေတစ်ဝိုက်မှာ ဒီစက်ရုပ်တွေကို စမ်းသပ်နေတာပါ။


Photo: Reuters


           "Xavier စက်ရုပ်တွေ သုံးတာက လူကိုယ်တိုင် လိုက်ပြီးကင်းလှည့်ရတဲ့ လူ့စွမ်းအားကို လျှော့ချပြီး လုပ်ငန်းခွင်လည်ပတ်မှုကို ပိုထိရောက်စေမှာပါ" လို့ အေဂျင်စီက ဆိုပါတယ်။

           Xavier စက်ရုပ် စမ်းသပ်မှုမှာ စင်ကာပူအစိုးရအေဂျင်စီ ငါးခု ပူးပေါင်းပါဝင်ထားတယ်လို့ ဆိုပါတယ်။ စင်ကာပူအစိုးရဟာ လာမယ့် ၂၀၃၀ မှာ လက်ရှိပမာဏထက် နှစ်ဆတိုးပြီး စောင့်ကြည့်ရဲ ကင်မရာ ၂ သိန်းကျော် တပ်ဆင်သွားဖို့လည်း စီစဉ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က