အလုံး ၄၀၀၀ ကျော် ရောင်းချမှာဖြစ်ပြီး အလုံး ၁၀၀၀ ကျော်နဲ့လည်း ကျွေးမွေးဧည့်ခံသွားမှာပါ။

မနှစ်ကပြုလုပ်တဲ့ ပထမအကြိမ်ဈေးရောင်းပွဲတော်တုန်းက သရက်သီးတစ်လုံး ၁၀ ကျပ်နဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီးကျင်းပလျက်ရှိတဲ့ ဒုတိယအကြိမ် မြန်မာ့သရက်သီးနှင့်သရက်သီးတန်ဖိုးမြင့်ထုတ်ကုန်များဈေးရောင်းပွဲတော်မှာ စိန်တစ်လုံးသရက်သီး တစ်လုံးကို မြန်မာငွေကျပ်ငါးဆယ်တန်တစ်ရွက်နှုန်းနဲ့ အထူးရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အထူးအစီအစဉ်တစ်ရပ်အနေနဲ့ စိန်တစ်လုံးသရက်သီးတစ်လုံးကို မြန်မာငွေငါးဆယ်ကျပ်တန်တစ်ရွက်နဲ့ရောင်းပေးသွားမှာပါ၊ မနှစ်ကတော့ တစ်ဆယ်ကျပ်နဲ့ရောင်း တာပါ၊ ဒီနှစ်တော့ အခြေအနေအရ တစ်လုံးကိုငါးဆယ်ကျပ်တန်နဲ့ ရောင်းပေးသွားပါမယ်၊ ငါးဆယ်ကျပ်တန်ပဲဖြစ်ရပါတယ်၊ မနှစ်က ဒီပွဲဆင်နွှဲဖူးသူတွေတော့ သိကြပြီးသားပါ၊ ကျွန်တော်တို့က ရောင်းချလို့ရသမျှ ပိုက်ဆံတွေကို ဘုရားဆီပဲလှူတာပါ၊ ဒီနှစ်လည်းဘုရားဆီပဲလှူမှာပါ” လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူ ဦးကျော်စိုးနိုင်က Duwun ကိုပြောပါတယ်။

ဒီကနေ့မေလ (၁၆) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ ၃ ရက်ကျင်းပမယ့်ပွဲတော်မှာ ပွဲတော်ရဲ့နောက်ဆုံးရက် (မေလ ၁၈ ရက်) မနက်ပိုင်းကစလို့ စိန်တစ်လုံးသရက်သီးအလုံးရေ ၄၀၀၀ ကျော်အား မြန် မာငွေကျပ်ငါးဆယ်တန်တစ်ရွက်နှုန်းနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး အဲဒီနေ့မှာပဲ သရက်သီးစတုဒီတာအဖြစ် သရက်သီးအလုံးရေတစ်ထောင်ကျော်ကျွေးမွေးဧည့်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အလုံးရေလေးထောင်ကျော်လောက် ရောင်းပေးဖို့ပြင်ဆင်ထားပါတယ်၊ နောက်တစ်ခုက အဲဒီနေ့က ကဆုန်လပြည့်နေ့လည်းကျတော့ စတုဒီတာကျွေးမယ့် အစီအစဉ်တစ်ခုပါ ကျွန်တော်တို့က ထည့်သွင်းလိုက်ပါတယ်၊ သရက်သီးအလုံးတစ်ထောင်လောက်ရှိမယ် တစ်ထောင်ကျော်သွားရင်လည်းကျော်သွားမှာပေါ့ အလှူရှင်တွေထွက်လာတဲ့အလျှောက် လှူဒါန်းသွားမှာပါ” လို့လည်း ဦးကျော်စိုးနိုင်ကပြောပါတယ်။

ဒုတိယအကြိမ် မြန်မာ့သရက်သီးနှင့် သရက်သီးတန်ဖိုးမြင့်ထုတ်ကုန်များ ဈေးရောင်းပွဲတော်မှာ သရက်သီးအမျိုးပေါင်း ၈၀ ကျော်အား ဆိုင်ခန်းပေါင်း ၅၀ ခန့်နဲ့ ခင်းကျင်းပြသရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာ့သရက်သီးဈေးကွက် ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က