ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်ခဲ့စဥ် အမြီးပိုင်းနဲ့ပြေးလမ်း ထိတွေ့ခဲ့မှုကြောင့် အပျက်အစီးဖြစ်ပေါ်ခဲ့တဲ့ စင်ကာပူလေကြောင်းလိုင်း (Singapor Airline - SIA) လေယာဥ်ကို ပြင်ဆင်နေကြောင်း သိရပါတယ်။

(SIA လေယာဥ်များကို တွေ့ရစဥ်) (Photo: CNA)
လေကြောင်းခရီးစဥ် SQ998 လေယာဥ်ဟာ နိုဝင်ဘာ ၂၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်စဥ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း CNA သတင်းဌာနသို့ ယနေ့ (ဒီဇင်ဘာ ၄ ရက်) ပေးပို့ခဲ့တဲ့ အီးမေလ်းတစ်စောင်မှာ SIA ပြောခွင့်ရပုဂ္ဂိုလ်က ပြောထားပါတယ်။
ထိုမတော်တဆမှုမျိုးဟာ လေယာဥ်ပျံတက်စဥ် သို့မဟုတ် ဆင်းသက်စဥ်မှာ လေယာဥ်အမြီးပိုင်းနဲ့ ပြေးလမ်း ထိတွေ့မိခြင်းဖြစ်တယ်လို့ သိရပါတယ်။ "လေယာဥ်က ထူးထူးခြားခြား ဘာမှမဖြစ်ဘဲ လေဆိပ်မှာ ရပ်နားနိုင်ခဲ့ပါတယ်၊ ခရီးသည်အားလုံးလည်း ပုံမှန်အတိုင်းပဲ လေယာဥ်ပေါ်ကနေ ဆင်းခဲ့ကြပါတယ်" လို့ SIA ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
(ချန်ဂီလေဆိပ်မှာ ရပ်နားထားသည့် SIA လေယာဥ်တစ်စီး) (Photo: Strait Times)
အဆိုပါ မတော်တဆမှုဖြစ်ပြီးနောက် အင်ဂျင်နီယာတွေက Airbus A330-300 အမျိုးအစား လေယာဥ် ပျက်စီးမှုအတိုင်းအတာကို စစ်ဆေးခဲ့ကြပြီးနောက် စင်ကာပူကို ပြန်လည်ထွက်ခွာမယ့် SQ997 လေကြောင်းခရီးစဥ်အတွက် လေယာဥ်းတစ်စီးကို ရန်ကုန်သို့စေလွှတ်ခဲ့ပါတယ်။ SIA က စင်ကာပူ-ရန်ကုန် လေယာဥ်ခရီးစဥ်ကို အချိန်ဇယားအတိုင်း ဆက်လက် ပျံသန်းနေကြောင်း သိရပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ လေယာဥ်မတော်တဆမှုကို မြန်မာနိုင်ငံ လေယာဥ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်း (Aircraft Accident Investigation Bureau of Myanmar - AAIB) က စုံစမ်းစစ်ဆေးနေကြောင်းလည်း SIA က ပြောပါတယ်။ "SIA က AAIB နဲ့ အနီးကပ် ပူးပေါင်းဆောင်သွားမှာဖြစ်ပြီး မိမိတို့ ဌာနတွင်း စုံစမ်းစစ်ဆေးမှုကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" လို့ လေကြောင်းလိုင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။