နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပထမဆုံးအကြိမ် နန်းစွန့်ခဲ့တဲ့ ဖခင်ဖြစ်သူ အကီဟီတိုထံမှ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပြီးနောက် ယနေ့ (မေလ ၁ ရက်) မှာ အိမ်ရှေ့မင်းသား နာရူဟီတိုက ဂျပန်ဧကရာဇ် တရားဝင်ဖြစ်လာခဲ့ပါတယ်။
(ဧကရာဇ်နာရူဟီတိုက မိန့်ခွန်းလွှာကို အိမ်တော်ဝန်သို့ လွှဲပြောင်းပေးစဉ်) (Photo: AFP)
ဂျပန်ဧကရာဇ် နာရူဟီတိုက နိုင်ငံနဲ့ ပြည်သူလူထု စည်းလုံးညီညွတ်ခြင်းရဲ့ သင်္ကေတတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ၎င်းရဲ့ ပထမဆုံးမိန့်ခွန်းမှာ ကတိပြုသွားခဲ့ပါတယ်။ အကီဟီတို ထီးနန်းစွန့် လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားတွေကို ယမန်နေ့ (ဧပြီ ၃၀ ရက်) မနက်ပိုင်းမှစပြီး နန်းတော်မှာ ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယနေ့မနက် ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၂၀ မိနစ်မှာတော့ အသက် ၅၉ နှစ်အရွယ် နာရူဟီတိုက ထီးနန်းအမွေ မင်းမြှောက်တန်ဆာကို ဒုတိယအခမ်းအနားဖြင့် ဆက်ခံခဲ့ပြီး ဂျပန်ဧကရာဇ် တရားဝင်ဖြစ်လာခဲ့ပါတယ်။
(ဧကရာဇ်နာရူဟီတိုကို မင်းမြှောက်တန်ဆာများ ပေးအပ်သည့်အခမ်းအနား) (Photo: CGTN)
အဆိုပါ အခမ်းအနားကိုတော့ အမျိုးသမီးတစ်ဦးတည်းသာ တက်ရောက်ခွင့်ရကြောင်းလည်း သိရပါတယ်။ တော်ဝင်မိသားစုဝင် အမျိုးသမီးတွေကိုလည်း ထိုအခမ်းအနားသို့ တက်ရောက်ခွင့်တားမြစ်ထားတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ အခမ်းအနားကို တက်ရောက်ခွင့်ရခဲ့တဲ့ အမျိုးသမီးကတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး အစိုးရအဖွဲ့ရဲ့ တစ်ဦးတည်းသော အမျိုးသမီး အစိုးရအဖွဲ့ဝင် ဆက်ဆူကီ ကာတာယာမာ (Satsuki Katayama) ြဖစ်ပါတယ်။
(ဧကရာဇ်နာရူဟီတို မိသားစု) (Photo: CNN)
"ပြည်သူတွေအတွက် အမြဲတမ်း စဉ်းစားမယ်လို့ ကျွန်တော် ကတိပြုပါတယ်၊ သူတို့နဲ့ နီးကပ်အောင်လုပ်ဆောင်ရင်း ဂျပန်နိုင်ငံနဲ့ ဂျပန်ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု သင်္ကေတတစ်ခုအဖြစ် ကျွန်တော့်ရဲ့ တာဝန်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျေပွန်အောင်ဆောင်ရွက်မယ်လို့ ကတိပြုပါတယ်" ဂျပန်ဧကရာဇ် နာရူဟီတိုက ၎င်းရဲ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။
"ပြည်သူတွေ ပျော်ရွှင်မှု၊ နိုင်ငံ ပိုမိုတိုးတက်မှုနဲ့ ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် ကျွန်တော် ရိုးသားစွာ မျှော်လင့်ပါတယ်" လို့လည်း ဧကရာဇ်နာရူဟီတိုက ဆိုပါတယ်။ ဂျပန်ဧကရာဇ် နာရူဟီတိုနဲ့ ၎င်းရဲ့မိဖုရား မာဆာကိုတို့မှာ တစ်ဦးတည်းသောသမီး မင်းသမီးတိုရှီ (Aiko) သာရှိပါတယ်။
(ဂျပန်တော်ဝင်မိသားစု) (Photo: Imperial Household Agency)
ဂျပန်ထီးနန်းအစဉ်အလာအရ အမျိုးသမီးများ ထီနန်းအမွေ ဆက်ခံခွင့်မရှိရာ မင်းသမီးတိုရှီ အနေနဲ့ ဖခင်ဖြစ်သူ ဧကရာဇ်နာရူဟီတိုထံမှ ထီးနန်းကို ဆက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဧကရာဇ်နာရူဟီတိုထံမှ ထီးနန်းဆက်ခံမယ့်သူကတော့ ၎င်းရဲ့ညီဖြစ်သူ အိမ်ရှေ့မင်းသား အကီရှီနို (Akishino) ဖြစ်ပါတယ်။ အကီရှီနိုပြီးနောက် ဂျပန်ထီးနန်းကို ဆက်ခံမယ့်သူဟာ ၎င်းရဲ့သားဖြစ်သူ မင်းသားလေး ဟီဆာဟီတို (Hisahito) ဖြစ်တယ်လို့လည်း သိရပါတယ်။