In partnership with  logo
လုပ်ငန်းခွင်မှာ ဖြစ်ဖြစ် ၊ ကျောင်းမှာ ဖြစ်ဖြစ် ၊ သင်တန်းမှာဖြစ်ဖြစ် နေရာတိုင်းမှာ စမတ်လေဒီတစ်ယောက်ဖြစ်နေဖို့ လိုအပ်ပါတယ်။

နေရာတိုင်းမှာ စမတ်ကျကျ ပြုမူနေထိုင်တတ်သူတစ်ယောက်ကို လူတိုင်းက လေးစားယုံကြည်ကြပါတယ်။ တကယ်တော့ လူတွေရဲ့ အမြင်ထက် ကိုယ့်ကိုယ်ကိုယ် Professional ကျကျ နေထိုင်ပြုမူနိုင်တယ် ၊ ထက်မြက်သွက်လက်ပြီး အရာရာအဆင်ပြေနေတယ်လို့ ခံစားရရုံနဲ့တင် ပြီးပြည့်စုံနေပါပြီ။ Smart Lady တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲ။ စမတ်လေဒီဆိုတာ စမတ်ကျကျဝတ်စားပြီး လှပနေတာကို ပြောတာမဟုတ်ပါဘူး။ လူအများလေးစားအားကျပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေတဲ့ အမျိုးသမီးမျိုးကို စမတ်လေဒီလို့ ခေါ်တာပါ။ စမတ်လေဒီဖြစ်ဖို့ ဘယ်လိုအချက်တွေ လိုအပ်မလဲ။

ကိုယ့်သက်ဆိုင်ရာနယ်ပယ်အကြောင်း ဂဃနဏသိဖို့လိုအပ်ပါတယ်

စမတ်လေဒီဖြစ်ဖို့ ကိုယ် ကျင်လည်ရာ ပတ်ဝန်းကျင် ၊ အလုပ် နဲ့ လုပ်ငန်းခွင်ပိုင်းဆိုင်ရာအကြောင်းအရာတွေကို ဂဃနဏသိဖို့ လိုအပ်ပါတယ်။ တကယ်လို့သာ ကိုယ်က ဘာမှ သိမနေတဲ့သူဆိုရင် တစ်ခုခုကို ဆွေးနွေးဆုံးဖြတ်ချက် ယူတဲ့အခါမှာ ပေါတောတောကြောင်တောင်တောင် နိုင်နေပါလိမ့်မယ်။ “ဟင့်အင်း ဘာမှမသိဘူး” “မသိဘူးလေ” ဆိုတဲ့ စကားတွေက ချစ်စရာကောင်းချင်ကောင်းနေနိုင်ပေမယ့် စမတ်လေဒီတစ်ယောက်တော့ မဖြစ်နိုင်ပါဘူး။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ စမတ်လေဒီဖြစ်ဖို့ဆိုရင် ကိုယ်ကလည်း သိနေတတ်နေရမှာပါ။

အပြုသဘောဆိုင်တဲ့ ငြင်းခုန်မှုတွေ ပြုလုပ်ပေးပါ

ငြင်းခုန်ပြောဆိုတဲ့ နေရာတွေမှာတောင် တစ်ယောက်တစ်ပေါက် အော်ဟစ်ငြင်းဆန်နေမယ့်အစား ချက်ကျလက်ကျနဲ့ ပြောဆိုနိုင်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ဘက်က အပြုသဘောဆောင်တဲ့ ငြင်းခုန်မှုမျိုးကသာ စမတ်ကျသူ ဖြစ်စေနိုင်မှာပါ။ ကိုယ်ကချည်းသာ အမှန်ဆိုတာထက် သူ့ဘက်ကိုယ့်ဘက် မျှတွေးပေးနိုင်တဲ့သူ ဖြစ်ဖို့ အရေးကြီးပါတယ်။

ကိုယ့်အတွေးအမြင်ကို လေးစားပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ မဒီတွေက ကိုယ့်အတွေးအမြင်ကိုလည်း ယုံကြည်ဖို့ လိုအပ်ပါတယ်။ “ငါ တွေးတာ ငါလုပ်တာ မှန်ရဲ့လား” မသိဘူးဆိုတာတွေက ကိုယ့်ကို စမတ်မဖြစ်စေနိုင်ပါဘူး။ စမတ်ကျတဲ့ ပျိုမဒီတွေက ကိုယ် ယုံကြည်တာကို ပြတ်ပြတ်သားသား လုပ်ရဲကြပါတယ်။ တဇောက်ကန်း တဇွတ်ထိုး မဖြစ်ဖို့တော့ အရေးကြီးပါတယ်။

ကိုယ်ယုံကြည်ရာကိုလည်း ပြောဆိုရဲရပါမယ်

ကိုယ့်အတွေးအမြင်တွေကို ယုံကြည်သလို ကိုယ်ယုံကြည်ရာကိုလည်း ရဲရဲဝံ့ဝံ့ပြောဆိုနိုင်သူ ဖြစ်ရပါမယ်။ မပြောရဲ မဆိုရဲ လူရှေ့မထွက်ရဲဘဲနဲ့တော့ စမတ်လေဒီဖြစ်ချင်လို့ မရပါဘူး။ တကယ်လို့ ကိုယ်က ဒီလို ပြောနေကျ မရှိဘူးဆိုလည်း မှန်ရှေ့မှာ အပြောလေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ပြတ်ပြတ်သားသား ပြောဆိုရဲတဲ့သူတစ်ယောက် ဖြစ်ဖို့လည်း အရေးကြီးပါတယ်။

စကားကို တိတိကျကျပြောပါ

စကားပြောတော့မယ်ဆိုရင် ကိုယ်ပြောမယ့်စကားအကြောင်းအရာအားလုံးကို တိတိကျကျ သိနေဖို့ လိုအပ်ပါတယ်။ ဒါမှ ကိုယ့်စကားတွေက တိကျသေချာနေမှာပါ။ စကားပြောတဲ့အခါမှာလည်း မသေချာမရေရာတဲ့ စကားလုံးမျိုးတွေ မသုံးမိဖို့ ဂရုစိုက်သင့်ပါတယ်။ လေသံကို ရှင်းလင်းကြည်မြနေပါစေ ။ ကိုယ် ဘာပြောချင်ပြီး နားထောင်တဲ့သူတွေကို ကိုယ်က ဘာကို သိစေချင်တာလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် အရင်သေချာအောင် လုပ်ဖို့လိုအပ်ပါတယ်။

စာရေးဆရာမ ပုညခင်ကလည်း Smart Lady ဆိုတဲ့ ဝေါဟာရကို ခုလို အဓိပ္ပါယ်ဖွင့်ဆိုထားပါသေးတယ်။

"အပေါ်ယံသွင်ပြင် သပ်ရပ်ကြော့မော့သစ်လွင်တောက်ပြောင်နေအောင် ပြင်ဆင်ထားတိုင်းလည်း Smart Lady မဖြစ်ပါဘူး။ ကိုယ့်စိတ်က ဘယ်လောက် တည်ငြိမ်ရင့်ကျက်သလဲ။ ဒေါသထွက်စရာ ကြုံလာတဲ့အခါ သွေးရူးသွေးတမ်း ကမူးရူးထိုး မတုံ့ပြန်ဘဲ ဘယ်လိုသွေးအေးအေးနဲ့ ရင့်ရင့်ကျက်ကျက် စဉ်းစားတွေးခေါ် ပြုမူဆုံးဖြတ်သလဲ။ လူတစ်ဖက်သားအပေါ်မှာ ဘယ်လောက်စာနာပြီး ဘယ်လိုစိတ်ထားမျိုးနဲ့ ဆက်ဆံနိုင်သလဲ။ လောကဓံနဲ့ ကြုံလာတဲ့အခါ ဘယ်လောက်ခံနိုင်ရည်ရှိရှိ ဖြေရှင်းနိုင်သလဲ။ ကိုယ့်ဘဝ ၊ ကိုယ့်မိသားစု ၊ ကိုယ့်အလုပ် ၊ ကိုယ့်အောင်မြင်မှုကို ရေရှည်တင့်တယ်ခိုင်မာအောင် ဘယ်လို ဉာဏ်ပညာနဲ့ ထိန်းမတ်တည်ဆောက်သွားနိုင်တယ်ဆိုတဲ့ အရည်အသွေးလည်း ရှိရပါဦးမယ်။ Smart Lady ဖြစ်ဖို့ အပေါ်ယံစမတ်ကျဖို့လည်း လိုအပ်တယ်ဆိုပေမယ့် အတွင်းစိတ်ထားနဲ့ ဉာဏ်ပညာအရည်အသွေးက ပိုပြီးလိုအပ်သလို ရေရှည် Smart Lady ဖြစ်ဖို့ရာလည်း ထောက်ပံ့ပေးထားနိုင်မယ်လို့ ထင်ပါတယ်။"

စကားလုံး အသုံးပြုတတ်ပါစေ

အမြဲတမ်း စကားကြီးစကားကျယ်တွေ ပြောနေရမယ်ဆိုတာမျိုးတော့မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စကားတွေကို တစ်ဖက်လူ နားလည်သဘောပေါက်လက်ခံလာအောင် စကားကို အသုံးပြုတဲ့ နေရာမှာ ပညာသားပါဖို့ လိုအပ်ပါတယ်။ ချိုချိုသာသာနဲ့ သူများလက်ခံလာအောင် ပြောဆိုနိုင်တာလည်း ပညာရပ်တစ်ခုပါပဲ။ ပြောထားတဲ့ ကတိတွေရှိနေခဲ့ရင်လည်း တည်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားရပါမယ်။

တုံ့ပြန်မှုုငြင်သာပါစေ။ ချိုမြိန်တဲ့ ငြင်းဆိုမှုတွေ ပြုမူပါ

တစ်စုံတစ်ယောက်က ကိုယ် မနှစ်သက်တဲ့အရာတွေ ပြုမူလာတဲ့ အခါ ဒေါသတကြီး မတုံ့ပြန်ပါနဲ့။ ကိုယ် မကြိုက်နှစ်သက်ကြောင်း ငြင်းဆိုပါ။ စမတ်လေဒီတွေက ကိုယ် မနှစ်သက်တဲ့ အရာတွေအတွက် ငြင်းဆန်ဖို့ အားမနာတတ်ကြပါဘူး။ ကိုယ့်ရဲ့ မလိုလားတဲ့အရာတွေအတွက် ငြင်းဆန်တတ်ပါစေ။

နားထောင်တတ်ဖို့လည်း လိုပါတယ်

ပြောဆိုရဲမှ စမတ်ကျတာမဟုတ်ပါဘူး။ စမတ်ကျဖို့ဆိုရင် နားထောင်တတ်ဖို့လည်း လိုပါတယ်။ နားထောင်တဲ့ နေရာ စကားပြောနေတဲ့ တစ်ဖက်လူရဲ့ မျက်လုံးကို စိုက်ကြည့်ပြီး နားထောင်ပေးရပါမယ်။ ဒါက ကိုယ်တကယ် လေးလေးနက်နက် နားထောင်နေကြောင်း နဲ့ တစ်ဖက်လူရဲ့ ပြောစကားတွေကို လေးစားကြောင်း ပြသတာပါ။ စကားတွေကို ဖြတ်မပြောပဲ လေးလေးစားစား နားထောင်ခြင်းဟာလည်း စမတ်ကျတဲ့အချက် တစ်ချက်ပါပဲ။ နားထောင်ပြီးရင် တစ်ဖက်လူပြောစကားတွေထဲက ကိုယ် စိတ်ဝင်စားတဲ့ အကြောင်းချင်းရာတွေကို ပြန်မေးတတ်ရပါမယ်။ ဒါမှ ကိုယ်က ဒီစကားဝိုင်းကို စိတ်ဝင်တစား နားထောင်နေတယ်ဆိုတာကို တစ်ဖက်လူကလည်း ခံစားမိမှာပါ။

အမှားကို မကြောက်ပါနဲ့

အမှား လုပ်မိမှာ ၊ မှားသွားမှာ မကြောက်ပါနဲ့ လူတိုင်းက အမှားနဲ့ မကင်းနိုင်ပါဘူး။ အမှားတွေထဲက နောက်ထပ်မမှားတော့အောင် သင်ခန်းစာယူတတ်ဖို့ပဲ လိုပါတယ်။ ကိုယ့်အမှားကနေဖြစ်ဖြစ် ၊ သူတပါးအမှားကနေ ဖြစ်ဖြစ် သင်ခန်းစာ ယူတတ်ဖို့ အရေးကြီးပါတယ်။

ပြနာတွေကိုမရှောင်ပြေးပါနဲ့

ကြုံလာတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖို့ ကြိုးစားပါ။ ပြဿနာကို ရှောင်ပြေးတာက အဖြေမဟုတ်ပါဘူး။ အရာရာကို ရင်ဆိုင် ဖြေရှင်းနိုင်တာနဲ့အမျှ ကိုယ့်ရဲ့ အရည်အသွေးတွေကလည်း ပိုတက်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းအေးအေးထားပြီးဖြေရှင်းဖို့တော့ လိုပါလိမ့်မယ်။

ဒါတွေကတော့ စမတ်လေဒီဖြစ်စေဖို့အတွက် နည်းလမ်းကောင်းလေးတွေပါ။ ဘယ်နယ်ပယ်မှာမဆို ဒီနည်းလမ်းကောင်းလေးတွေ ကျင့်သုံးနိုင်မယ်ဆိုရင် လူတွေ သဘောကျလေးစားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ စမတ်လေဒီဖြစ်လာပါလိမ့်မယ်။ စမတ်လေဒီဆိုပြီးတော့ အလုပ်မအားမလပ်နဲ့ အချိန်ပြည့် အလုပ်တွေချည်း ဖိလုပ်နေလို့တော့ မရပါဘူး။ စမတ်လေဒီတစ်ယောက်အနေနဲ့ ကိုယ်ပိုင်အချိန်ထားပြီး ကိုယ်ဝါသနာပါတဲ့ အရာတွေကို လုပ်ဆောင်နေဖို့လည်း လိုအပ်ပါတယ်။ အိပ်ချိန်မှန်မှန် အိပ်ပြီး ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ရှိတဲ့ သူလည်း ဖြစ်ရပါမယ်။

အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ စမတ်လေဒီလေးတွေ ဖြစ်နိုင်ကြပါစေ။

 

 

 

 

Share

Loading Next Article...
က္က