COVID-19 ရောဂါကုဆေးအဖြစ် အသုံးပြုနိုင်ရန် အလားအလာကောင်းတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ Remdesivir ဆေးကို လူတွေမှာ ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ရာ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

(Image: WHO webpage screenshot/STAT)
အစောပိုင်းမှာ Remdesivir ဆေးဖြင့် COVID-19 လူနာတွေ စမ်းသပ်ကုသခဲ့ရာ ရလဒ်ကောင်းများရှိခဲ့ကြောင်း သတင်းပေါက်ကြားခဲ့ပါသေးတယ်။ သို့သော် ဧပြီ ၂၃ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မတော်တဆ ထုတ်ပြန်ခဲ့မိတဲ့ စမ်းသပ်ကုသမှုရလဒ် အကျဥ်းချုပ်မူကြမ်းမှာတေ့ာ စမ်းသပ်မှု မအောင်မြင်ခဲ့ဘူးလို့ ဖော်ပြထားခဲ့ရာ အနီးကပ် စောင့်ကြည့်နေကြတဲ့ ကမ္ဘာတစ်ဝှမ်းရဲ့ မျှော်လင့်ချက်ကို လျော့ပါးသွားစေခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။
WHO ဝက်ဘ်ဆိုက်မှာ စမ်းသပ်မှုရလဒ် အကျဥ်းချုပ်မူကြမ်းကို ထုတ်ပြန်ခဲ့မိတာဖြစ်ပြီး Financial Times နဲ့ STAT News သတင်းဝက်ဘ်ဆိုက်တို့က ပထမဆုံး သတင်းဖော်ပြခဲ့ကြပါတယ်။ STAT News ဝက်ဘ်ဆိုက်မှာတော့ WHO ဝက်ဘ်ဆိုက်မှ screenshot ကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။
(Photo: EPA-EFE)
သို့သော် Remdesivir ဆေးကို ထုတ်လုပ်ထားတဲ့ Gilead Sciences ကုမ္ပဏီကတော့ WHO ရဲ့ စမ်းသပ်မှုရလဒ် အကျဥ်းချုပ်ဖော်ပြချက်အပေါ် အငြင်းပွား စောဒကတက်ထားပါတယ်။ စမ်းသပ်ကုသမှုရလဒ် အချက်အလက်တွေက အကျိုးရှိနိုင်တဲ့ အလားအလာကောင်းကို ညွှန်ပြခဲ့တယ်လို့ Gilead Sciences က ဆိုပါတယ်။
WHO ဝက်ဘ်ဆိုက်မှာ တင်ထားခဲ့တဲ့ ပို့စ်ကိုတော့ နောက်ပိုင်းမှာ ပြန်ဖျက်သွားခဲ့တယ်လို့လည်း သိရပါတယ်။ WHO ရဲ့ အကျဥ်းချုပ်မူကြမ်းမှာ ဖော်ပြထားမှုအရ တရုတ် လူနာ ၂၃၇ ဦးပါဝင်တဲ့ ပထမဆုံး စမ်းသပ်ကုသမှု လုပ်ဆောင်ခဲ့ရာ ၁၅၈ ဦးအုပ်စုကို Remdesivir ဆေးဖြင့်ကုသပေးပြီး ကျန် ၇၉ ဦးအုပ်စုကို ထိုဆေးမပေးခဲ့ဘူးလို့ ဆိုပါတယ်။
(Photo: AP)
ထိုသို့ စမ်းသပ်ခဲ့ရာမှာ လူနာ ၁၈ ဦးထံမှာ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာတာကြောင့် Remdesivir ဆေးဖြင့် ကုသမှုကို အစောပိုင်းမှာပဲ ရပ်ဆိုင်းခဲ့တယ်လို့ WHO ရဲ့ အကျဥ်းချုပ်ဖော်ပြချက်က ပြောထားပါတယ်။ Remedesivir ဆေးဖြင့် ကုသပေးခဲ့သူတွေနဲ့ ထိုဆေးမပေးဘဲ ကုသခဲ့သူတွေကို နှိုင်းယှဥ်ကြည့်ရာမှာလည်း ကွာခြားမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
တစ်လကြာပြီးနောက် Remedesivir ဖြင့် ကုသပေးခဲ့တဲ့ လူနာအုပ်စုမှ ၁၃.၉ ရာခိုင်နှုန်း သေဆုံးခဲ့ပြီး ထိုဆေးဖြင့် ကုသခြင်းမရှိ လူနာအုပ်စုမှ ၁၂.၈ ရာခိုင်နှုန်း သေဆုံးခဲ့ပါတယ်။ ထိုရာခိုင်နှုန်းတွေကို နှိုင်းယှဥ်မှုအရ သိသာစွာ ကွာခြားမှုမရှိခဲ့တာ တွေ့ရပါတယ်။ ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ Remedesivir ဆေးစမ်းသပ်မှုရလဒ် အကျဥ်းချုပ်ဖော်ပြချက်မူကြမ်း ထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး ထိုအကျဥ်းချုပ်မူကြမ်းကို သုံးသပ်နေဆဲဖြစ်ကာ မှားပြီးတော့ စောစောထုတ်ပြန်ခဲ့မိတာ ဖြစ်တယ်လို့ WHO က Financial Times ကို ပြောခဲ့ပါတယ်။
(Photo: AFP)
ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာမြို့အခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir အမည်ရှိဆေးဖြင့် COVID-19 လူနာတွေ ကုသခဲ့ရာ ရက်ပိုင်းအတွင်း ပြန်လည်သက်သာ နေကောင်းလာခဲ့ကြပြီး အိမ်ပြန်နိုင်ခဲ့တယ်လို့ STAT News သတင်းဌာနက ကြာသပတေးနေ့ (ဧပြီ ၁၆ ရက်) မှာ ဖော်ပြထားခဲ့ပါတယ်။
STAT က Remdesivir စမ်းသပ်ကုသမှုအကြောင်း ပြောကြားထားတဲ့ ဗီဒီယိုတစ်ခုကို ရရှိခဲ့ပြီးနောက် ထိုသတင်းကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ Gilead Sciences က Remdesivir ဆေးကို အီဘိုလာ (Ebola) ရောဂါအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့ပေမဲ့ စမ်းသပ်ကုသခဲ့ရာမှာ အောင်မြင်မှုအနည်းငယ်မျှသာ ရှိခဲ့ပါတယ်။
(Photo: AFP)
သို့သော် တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာတွေအရ Remdesivir ဟာ SARS (Severe Acute Respiratory Syndrome) နဲ့ MERS (Middle East Respiratory Syndrome) ဗိုင်းရပ်စ်များ အပါအဝင် COVID-19 နဲ့ ဆက်နွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်များ (coronaviruses) တားဆီးမှုနဲ့ကုသမှု နှစ်မျိုးလုံး လုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်။
Gilead Sciences က ကမ္ဘာတစ်ဝှမ်း စမ်းသပ်ကုသနေရာ ၁၅၂ ခုမှာ ရောဂါလက္ခဏာပြင်းထန်တဲ့ COVID-19 လူနာ ၂,၄၀၀ ကို စမ်းသပ်ကုသရာမှာ ထောက်ပံ့ပေးနေပါတယ်။ ထို့အတူ ကမ္ဘာတစ်ဝှမ်း ဆေးရုံနဲ့ ဆေးခန်း ၁၆၉ ခုမှာလည်း ရောဂါလက္ခဏာ မပြင်းထန်တဲ့ COVID-19 လူနာ ၁,၆၀၀ ကိုလည်း Remdesivir ဖြင့် စမ်းသပ်ကုသနေကြောင်း သိရပါတယ်။ စမ်းသပ်ကုသမှု ရလဒ်တွေကို ဧပြီလကုန်မှာ သိရှိနိုင်မယ်လို့ Gilead က မျှော်လင့်ထားပါတယ်။