ယူနိုက်တက်ပရိသတ်တွေက ဆိုးလ်ရှားအနေနဲ့ အသင်းကို အကောင်းမွန်ဆုံးကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်မှုနည်းပါးနေပြီး ပရိသတ်အများစုက ဆိုးလ်ရှားဟာ ဒီဇင်ဘာလအတွင်းမှာပဲ ထုတ်ပယ်ခံရမယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။
၂၀၁၉-၂၀ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ ပွဲစဉ်တွေ မနေ့က ထွက်ပေါ်လာခဲ့အပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တချို့က နည်းပြဆိုးလ်ရှားအနေနဲ့ ဒီဇင်ဘာလအတွင်းမှာပဲ ထုတ်ပယ်ခံရမယ်လို့ ယူဆနေကြပါတယ်။ နည်းပြဟောင်းမော်ရင်ဟိုဟာလည်း ခရစ္စမတ်ကာလမတိုင်မှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ဆိုးလ်ရှားကလည်း အဆိုပါကာလအတွင်းမှာပဲ ထုတ်ပယ်ခံရလိမ့်မယ်လို့ ခန့်မှန်းနေကြတာ ဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဖွင့်ပွဲအဖြစ် ချယ်လ်ဆီးကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး ရာသီအစမှာပဲ အသင်းကြီးတစ်သင်းကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ နဲ့ ဒီဇင်ဘာလတွေမှာ ယူနိုက်တက်ဟာ အသင်းကြီးတွေနဲ့ ဆက်တိုက်နီးပါးထိ ကစားရဖို့ရှိနေပြီး တချို့လတွေမှာ အသင်းကြီးတွေနဲ့ (၂)ပွဲခန့် ကစားသွားရမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ စက်တင်ဘာလအတွင်းမှာ အာဆင်နယ်၊ အောက်တိုဘာလအတွင်မှာ လီဗာပူးလ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာလအစောပိုင်း ပွဲစဉ်နှစ်ပွဲမှာ တော့တင်ဟမ်၊ မန်စီးတီးတို့နဲ့ ဆက်တိုက်ကစားသွားရမှာ ဖြစ်ပါတယ်။ နှစ်သစ်ကူးကာလပွဲစဉ်တွေအဖြစ် ဇန်နဝါရီ(၁)ရက်နေ့မှာ အာဆင်နယ်၊ (၁၈)ရက်နေ့မှာ လီဗာပူးလ်တို့နဲ့ ကစားသွားရဖို့လည်း ရှိနေပါတယ်။
ယူနိုက်တက်ပရိသတ်တွေက ဆိုးလ်ရှားအနေနဲ့ အသင်းကို အကောင်းမွန်ဆုံးကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်မှုနည်းပါးနေပြီး ပရိသတ်အများစုက ဆိုးလ်ရှားဟာ ဒီဇင်ဘာလအတွင်းမှာပဲ ထုတ်ပယ်ခံရမယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မော်ရင်ဟိုကို အသင်းကို (၂၈)နှစ်အတွင်း အဆိုးဝါးဆုံးရာသီစတင်မှုအဖြစ် အဆင့် (၆)နေရာမှာသာ ရပ်တည်စေနိုင်ခဲ့ပြီးနောက် ဒီဇင်ဘာလ (၁၉)ရက်နေ့မှာ ထုတ်ပယ်ခံခဲ့ရပါတယ်။
တချို့ ပရိသတ်တွေကတော့ ဆိုးလ်ရှားဟာ ဒီဇင်ဘာလအထိတောင် အသင်းမှာဆက်ရှိနေဖွယ်မရှိဘူးလို့ ယူဆထားပြီး အောက်တိုဘာလအတွင်းမှာပဲ အိုးထရက်ဖို့ဒ်ကို စွန့်ခွာရဖွယ်ရှိတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဆိုးလ်ရှားဟာ သူ့လက်ထက်မှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ အများအပြားပြုလုပ်မယ်လို့ ပြောဆိုထားပေမယ့် လက်ရှိအချိန်ထိတော့ ကစားသမားသစ်ခေါ်ယူမှုအဖြစ် ဒန်နီရယ်ဂျိမ်းစ်တစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်ပါသေးတယ်။