ဝင်ငွေနည်းတဲ့ စင်ကာပူတွေက အိပ်ချိန်ပိုလျော့နည်းနေပါတယ်

ဈေးကွက်သုတေသနကုမ္ပဏီ YouGov က ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းရလဒ်မှာ ဖော်ပြထားမှုအရ အရွယ်ရောက်ပြီး စင်ကာပူနိုင်ငံသား ထက်ဝက်သာ ညဘက်မှာ လုံလောက်တဲ့ အိပ်ချိန်ရှိကြတယ်လို့ သိရပါတယ်။ အရွယ်ရောက်ပြီး လူတစ်ဦးဟာ ပျမ်းမျှအိပ်ချိန် ခုနစ်နာရီမှ ရှစ်နာရီကြား နေ့စဉ်ရှိသင့်ပေမဲ့ စင်ကာပူလူမျိုး အရွယ်ရောက်ပြီးသူ ၄၈ ရာခိုင်နှုန်းသာ ထိုအိပ်ချိန်အတိုင်း အိပ်စက်ကြတယ်လို့ ဆိုပါတယ်။



(Photo: Pixabay/Wokandapix)

YouGov က လူဦးရေ ၁,၀၂၂ ဦးကို စစ်တမ်းပြုလုပ်ခဲ့ရာမှာ ၁၀ ဦးမှာ လေးဦးက ညဘက်အိပ်ချိန် ခုနစ်နာရီအောက်သာရှိကြပါတယ်။ "စင်ကာပူလို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့ကြီးပြကြီးမှာ လူဦးရေထက်ဝက်ခန့်သာ လုံလောက်တဲ့ အနားယူအိပ်စက်ချိန်ရရှိကြပါတယ်၊ သိသိသာသာ စိုးရိမ်စရာကောင်းတာက ဝင်ငွေနည်းတဲ့ စင်ကာပူတွေဟာ ညဘက်မှာ လေးနာရီအောက်လျော့နည်းတဲ့ အိပ်ချိန်ပဲရှိကြတာပါပဲ" လို့ YouGov ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ Jake Gammon က ပြောပါတယ်။

(Source: YouGov)

ပြီးခဲ့တဲ့လအတွင်း ပြုလုပ်ခဲ့တဲ့ YouGov ရဲ့ စစ်တမ်းအရ စင်ကာပူနိုင်ငံသား ၃ ရာခိုင်နှုန်းဟာ အိပ်ချိန် လေးနာရီအောက်သာ ရှိကြတယ်လို့ ဆိုပါတယ်။ ထိုစစ်တမ်းအရ စင်ကာပူနိုင်ငံသား လေးပုံသုံးပုံဟာ ညဘက်အိပ်စက်နေစဉ် အနည်းဆုံးတစ်ကြိမ် နိုးလေ့ရှိတယ်လို့လည်း သိရပါတယ်။

"စင်ကာပူတွေက အသက် ၅၅ နှစ်အရွယ်ရောက်လာရင်တော့ သူတို့ရဲ့ အိပ်စက်မှုအခြေအနေ တိုးတက်လာပုံရပါတယ်၊ ဒါက ဘာကိုပြသလဲဆိုတော့ အလုပ်က အိပ်ရေးပျက်ညတွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းဖြစ်နိုင်တယ်ဆိုတာပါပဲ" လို့ Jake Gammon က ဆိုပါတယ်။

(Source: YouGov)

YouGov စစ်တမ်းကို ဖြေဆိုခဲ့သူတွေရဲ့ ၅၃ ရာခိုင်နှုန်းကလည်း အိပ်စက်တဲ့အခါ သက်သောင့်သက်သာရှိပြီး ကောင်းစွာအိပ်ပျော်စေနိုင်ရန် အထောက်အကူပြုတဲ့ အရုပ် သို့မဟုတ် ခြုံစောင်နဲ့ အိပ်ကြတယ်လို့ ဖြေကြားခဲ့ကြောင်း သိရပါတယ်။ အမျိုးသမီးတွေ ၆၁ ရာခိုင်နှုန်းနဲ့ အမျိုးသား ၄၄ ရာခိုင်နှုန်းက ထိုသို့သော အိပ်စက်မှု အထောက်အကူပြုပစ္စည်းတွေနဲ့ အိပ်စက်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ အိပ်စက်မှု အထောက်အကူပြုပစ္စည်းနဲ့ အိပ်လေ့ရှိသူတွေက ထိုသို့ အိပ်စက်လေ့မရှိသူတွေထက် အိပ်ချိန်ပိုတယ်လို့ မဆိုနိုင်ကြောင်းလည်း YouGov စစ်တမ်းက ပြောထားကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က