• Featured

    SpaceX ကုမ္ပဏီ ဒေဝါလီခံသွားနိုင်ကြောင်း အီလွန်မတ်စ် ထုတ်ပြော

Raptor အင်ဂျင်သစ်ထုတ်လုပ်ရေး အကြပ်အတည်းဆိုက်နေတယ်လို့ ဆိုပါတယ်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ ဒေါ်လာဘီလျံ ၁၀၀ ကျော်တန်တဲ့ SpaceX ကုမ္ပဏီရဲ့ စိုးရိမ်စရာရှေ့ရေးအကြောင်း ဖွင့်ဟလိုက်ပါတယ်။ 

အင်္ဂါနေ့က Twitter ပေါ် တင်ခဲ့တဲ့ အီလွန်မတ်စ်ရဲ့ Tweet တစ်ခုမှာ သူ့ရဲ့အာကာသကုမ္ပဏီ SpaceX နောင်ရေးအကြောင်း ပြောထားပါတယ်။ အဲ့ဒီ Tweet မှာ SpaceX အနေနဲ့ မျိုးဆက်သစ် Starship အင်ဂျင်တွေ အမြောက်အများထုတ်ဖို့ လိုအပ်ကြောင်းနဲ့ Starlink Broadband ဂြိုလ်တုတွေ ဆက်လွှင့်တင်ပြီး လုပ်ငန်းလည်ပတ်နေရမယ့်အကြောင်း ဖော်ပြထားပါတယ်။ 

"SpaceX က Starlink နဲ့ Starship ပေါ်မှာ ဒေါ်လာဘီလျံပေါင်းများစွာ ဆုံးရှုံးနေတုန်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုးဝါးတဲ့ စီးပွားရေးကပ်ကြောင့် ငွေပင်ငွေရင်းရဖို့ ခက်သွားရင် စီးပွားပျက်သွားနိုင်ပါတယ်။ သိပ်အလားအလာမရှိသေးဘူးဆိုပေမယ့် မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး " လို့ မတ်စ်ရဲ့ Tweet မှာ ဆိုပါတယ်။ 

image

Photo; teslarati


ဒါဟာ ပြီးခဲ့တဲ့ ကာလရှည်ကျေးဇူးတော်နေ့ အားလပ်ရက်အတွင်း ဝန်ထမ်းတွေဆီ ပေးပို့တဲ့ အီးမေးလ်ပေါက်ကြားလာပြီးနောက် ထွက်လာတဲ့ အီလွန်မတ်စ်ရဲ့ Tweet လည်း ဖြစ်ပါတယ်။ ပေါက်ကြားခဲ့တဲ့ အီးမေးလ်ထဲမှာ ကုမ္ပဏီအနေနဲ့ Starship ကို မောင်းနှင်မယ့် Raptor အင်ဂျင်ထုတ်လုပ်ရေးပိုင်းအတွက် ရုံးပိတ်ရက် Weekend တွေအွင်း အလုပ်လုပ်ကြဖို့ တိုက်တွန်းထားပြီး ထုတ်လုပ်ရေးအခြေအနေဟာ အကြပ်အတည်းတစ်ခုဖြစ်နေပြီလို့ ဖော်ပြထားပါတယ်။ 

နောက်နှစ်ထဲ Starship ဒုံးကျည်သစ်တွေ လွှင့်တင်နိုင်အောင် ထုတ်လုပ်ရေးပိုင်းကို တိုးမြှင့်မှုမလုပ်နိုင်ရင် ကုမ္ပဏီအနေနဲ့ ဒေဝါလီခံသွားနိုင်ခြေရှိတယ်လို့ မတ်စ်က ဆိုပါတယ်။ Raptor ဟာ SpaceX ရဲ့ အကြီးစား မီသိန်းအင်ဂျင်တစ်လုံးဖြစ်ပြီး Starship မျိုးဆက်သစ်အတွန်းစနစ်ပိုင်းကို မောင်းနှင်ပေးမယ့် အင်ဂျင်လည်း ဖြစ်ပါတယ်။ SpaceX ဟာ Starship တွေ သုံးပြီး အာကာသထဲ လူတွေ ပို့လွှတ်ရာမှာ သုံးဖို့ စီစဉ်ထားပါတယ်။ 

ဧပြီလက နာဆာနဲ့ ရထားတဲ့ ဒေါ်လာ ၂.၉ ဘီလျံ လဆင်းယာဉ်ကန်ထရိုက်ကြောင့် ၂၀၂၅ ကစလို့ လမျက်နှာပြင်ပေါ် နာဆာအာကာသယာဉ်မှူးတွေ ပို့ဆောင်ရာမှာလည်း Starship ကိုပဲ သုံးသွားမှာပါ။ လောလောဆယ် Starship တွေ ကမ္ဘာပတ်လမ်းထဲ လွှင့်တင်ခြင်း မရှိရသေးပေမယ့် ကုမ္ပဏီရဲ့ယာဉ်စမ်းသပ်ရာဌာနဖြစ်တဲ့ တက္ကဆက်ပြည်နယ် ဘိုကာချီကာမှာ Starship နမူနာပုံစံငယ်တွေ ဒီဇိုင်းထုတ်တာ ၊ စမ်းသပ်တာတွေနဲ့ လုံးပန်းနေတယ်လို့ ဆိုပါတယ်။ 

Starship ရဲ့ ပထမဆုံး ကမ္ဘာပတ်လမ်းထဲ လွှင့်တင်မှုကို လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီမှာ လုပ်ဆောင်သွားဖို့ မျှော်လင့်ထားတယ်လို့ အမျိုးသားသိပ္ပံအကယ်ဒမီအဖွဲ့ကို ပေးပို့တဲ့ မတ်စ်ရဲ့တင်ပြချက်မှာ ဖော်ပြထားပါတယ်။ မတ်စ်ရဲ့ အီးမေးလ်အရ SpaceX ဟာ လာမယ့်နှစ်အတွင်း အနည်းဆုံးနှစ်ပတ်တစ်ကြိမ် Starship တွေ လွှင့်တင်ရမှာ ဖြစ်ပြီး အခုထိ Raptor အင်ဂျင်ဖွံ့ဖြိုးမှုက လမ်းကြောင်းပေါ် ရောက်မလာသေးတာလည်း ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်း Starship စမ်းသပ်ပျံသန်းမှု ဒါဇင်နဲ့ချီ လုပ်ဆောင်သွားပြီးရင်တော့ ၂၀၂၃ ခုနှစ်မှာ တကယ့်လူ/ပစ္စည်းစတဲ့ payloads တွေကို သယ်ဆောင်မှု လုပ်သွားမယ်လို့ ဆိုပါတယ်။ စိန်ခေါ်မှုကြီးကြီးမားမားတွေကြောင့် SpaceX လုပ်ငန်းပျက်သုဉ်းတော့မယ်လို့ထင်ကြေးပေးခံရတာ ဒီတစ်ခါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၀၈ ခုနှစ်က Falcon 1 ဒုံးပျံကို ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် မလွှင့်တင်နိုင်ခင်ကလည်း SpaceX ဟာ စီးပွားပျက်မတတ်ဖြစ်ခဲ့တဲ့ မှတ်တမ်း ရှိခဲ့ပါတယ်။ 

Photo: teslarati

"ပထမဆုံး ဒုံးပျံ ၃ လုံး လွှင့်တင်တာ ပျက်ကျတာပဲ။ စကားမစပ် အဲ့အချိန်က ကျွန်တော်ကလည်း အိမ်ထောင်နဲ့ကွဲနေတာ။ ဘဝမှာ အဆိုးတကာ့အဆိုးဆုံးဆိုတဲ့ နှစ်ပေါ့ဗျာ။ စတုတ္ထမြောက် ဒုံးပျံ မအောင်မြင်ရင် ပွဲသိမ်းပြီ။ ရှိသမျှငွေတွေက Falcon 1 လွှင့်ဖို့ ပုံအော်ထားတာ ။" လို့ အဲ့ဒီတုန်းက အဖြစ်အပျက်ကို မတ်စ်က IAC (နိုင်ငံတကာ အာကာသသိပ္ပံကွန်ဂရက်) မှာ ပြန်ပြောပြပါတယ်။

စက်တင်ဘာလထဲမှာ SpaceX ဟာ ပထမဆုံး ဒုံးပျံကို အောင်အောင်မြင်မြင်လွှင့်တင်နိုင်ခဲ့ပြီးနောက် ဒေါ်လာ ၁.၅ ဘီလျံတန် ကန်ထရိုက်တစ်ခုရခဲ့ပြီး စီးပွားရေးဆက်လုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ မတ်စ်ရဲ့ ဒီတစ်ခေါက် Raptor အင်ဂျင်ဖွံ့ဖြိုးရေးပိုင်းအကြပ်အတည်းတွေကရော ကျော်လွှားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က