ဒီနေ့ညမှာ ကစားမယ့် စပိန်နဲ့ ပြင်သစ်တို့ရဲ့ ယူရိုဆီမီးဖိုင်နယ်မတိုင်ခင် ပြင်သစ် ကစားသမားတွေ ပင်နယ်တီလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားလာခဲ့ပါတယ်။ ဒီအပေါ်မှာ ပြင်သစ်တိုက်စစ်ကြယ်ပွင့် ဂရစ်ဇ်မန်းက ဒေါသပေါက်ကွဲနေခဲ့ပါတယ်။

ဒီဗီဒီယိုကို ဖြန့်ခဲ့တာကလည်း ပြင်သစ်အခြေစိုက် သတင်းဌာနပဲဖြစ်ခဲ့ပါတယ်။ ပြင်သစ်ဟာ လက်ရှိယူရိုမှာ Open Play က တစ်ဆင့် တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိသေးတဲ့ အသင်းတစ်သင်းပါ။
ပင်နယ်တီသွင်းဂိုး၊ ပြိုင်ဘက် ကစားသမားတွေရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေကြောင့် အခုလိုမျိုး ဆီမီးဖိုင်နယ်အထိ တက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပေါ်တူဂီနဲ့ ကွာတားဖိုင်နယ်မှာလည်း ပြင်သစ်က ဂိုးမသွင်းနိုင်ခဲ့ဘဲ ပင်နယ်တီ အဆုံးအဖြတ်မှ အနိုင်ရရှိခဲ့တာပါ။
အခု ပျံ့နှံ့လာခဲ့တဲ့ ဗီဒီယိုမှာ ဖိုဖာနာ၊ ကိုနာတေး၊ မန်ဒီ၊ ရာဘီရော့၊ အမ်မရီ၊ ကိုးမန်း၊ ဘာကိုလာ၊ ကလော့စ်၊ ပါဗက်၊ ဂျရူးတို့ ကန်သွင်းနေတဲ့ ပုံစံတွေ ပါရှိခဲ့ပါတယ်။ ဒီကစားသမားတွေက ပြင်သစ်ရဲ့ အဓိက, ကစားသမားတွေ မဟုတ်သည့်တိုင် ဒီလိုမျိုး ဗီဒီယို ထွက်ပေါ်လာတဲ့အပေါ် ဂရစ်ဇ်မန်းက ပေါက်ကွဲနေတာပါ။
RMC Sport ရဲ့ အဆိုပါ ဗီဒီယိုအောက်မှာ ဂရစ်ဇ်မန်းက “ကောင်းပါတယ်။ ဒီလိုမျိုး အချက်အလက်တွေ ကြိုထုတ်ပေးလို့ ကျေးဇူးပဲ” လို့ ရေးသားခဲ့ပါတယ်။ ပြင်သစ်နဲ့ စပိန်တို့မှာ နှစ်သင်းကြား စာရွက်ပေါ်က လူစာရင်းအရ ကွာဟချက် သိပ်မရှိပေမယ့် ခြေစွမ်းပိုင်းအရတော့ စပိန်က ပိုသာနေတာကြောင့် ပြင်သစ်တို့ ရုန်းကန်ရဖွယ်ရှိပါတယ်။