Spotify ဟာ အခပေး subscriber သန်း ၁၀၀ ရှိလာတဲ့ ကမ္ဘာ့ပထမဆုံး သီချင်း ဝန်ဆောင်မှု ဖြစ်လာခဲ့ပါတယ်။
Photo: Bloomberg
၂၀၁၉ ပထမ ၃ ပတ်ဝင်ငွေစာရင်း ထုတ်ပြန်ရာမှာ ဒီအချက်ကို ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပြီး ပြိုင်ဘက် music service တွေ ဖြစ်တဲ့ Apple Music ၊ Amazon Music Unlimited နဲ့Google Play Music တို့ကို ကျော်ဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။ The Verge မှာ ဖော်ပြချက်အရ Spotify ဟာ ကမ္ဘာအဝှမ်းမှာ လစဉ်သုံးစွဲသူ ၂၁၇ သန်း ထိ ရှိထားတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အိန္ဒိယမှာ Spotify ကို မိတ်ဆက်ခဲ့ပြီးနောက် ဒီဝန်ဆောင်မှုကို သုံးစွဲတဲ့ အိန္ဒိယနိုင်ငံသား၂ သန်း အထိ ရှိလာပြီ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ Spotify ဟာ paid users သန်းပေါင်း ၅၀ ရှိတဲ့ Apple Music ကို အပြတ်သာနေတာပါ။ အမေရိကန်ဈေးကွက်မှာတော့ Apple Music ဟာ အခပေးသုံးသူ ၂၈ သန်း ရှိပြီး Spotify ကတော့ ၂၆ သန်း ရှိထားပါတယ်။
၂၀၁၉ ပထမ ၃ လပတ် ဝင်ငွေအချက်အလက်များအရ Spotify ရဲ့ အခပေး subscriber အရေအတွက်ဟာ နှစ်အလိုက် ၃၂% မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်း အခြေစိုက်ကုမ္ပဏီ Spotify Technology ဟာ ဝင်ငွေအရလည်း ဒေါ်လာ ၁.၇ ဘီလျံ အထိ ဝင်ခဲ့ပေမယ့် စတော့ရှယ်ယာကျဆင်းမှုကြောင့် ယူရို ၄၇ သန်း အရှုံးပြခဲ့ပါတယ်။
Photo: mashable
Spotify ဟာ Gimlet Media ၊ Anchor နဲ့Parcast တို့ကို ဝယ်ဖို့ဒေါ်လာ သန်း ၄၀၀ သုံးခဲ့ပါတယ်။ podcast စီးပွားရေးဟာ ကုမ္ပဏီကို ကမ္ဘာ့ထိပ်တန်း audio ပလက်ဖောင်းဖြစ်စေမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့podcast ကုမ္ပဏီတွေကို ဝယ်ခဲ့တာပါ။ ဒါတင်မဟုတ်ဘဲ သီချင်းထုတ်လွှင့်ခွင့်ပေါ် ငွေအား အများကြီး သုံးနေရတာကို လျှော့ချဖို့podcast စီးပွားရေးထဲ ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဇန်နဝါရီ ကနေ မတ်လအထိ ၃ လပတ်အတွင်း Spotify ဟာ ဖောက်သည် ၄ သန်း ရခဲ့ပြီး ဈေးကွက်ကျွမ်းကျင်သူတွေ အစောပိုင်းက ခန့်မှန်းထားတဲ့ ၃.၃ သန်းထက် ပိုမြင့်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့လက်ရှိ ၃ လပတ်အတွင်းမှာ subscriber ၇ သန်းကနေ ၁၀ သန်းအထိ ရလာမယ်လို့ခန့်မှန်းထားပါတယ်။