ရခိုင်ပြည်နယ်၊ စစ်တွေ ပြည်သူ့ဆေးရုံကြီးမှာဆေးကုသမှု ခံယူနေတဲ့ ကိုဗစ်လူနာတွေထဲက လူနာ ၁၀ဦးဟာ ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ဒီကနေ့ စက်တင်ဘာလ ၅ရက်နေ့မှာ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

photo- Dr Zaw Lwin
အဆိုပါ လူနာ ၁၀ ဦးရဲ့ ဆေးစစ်မှု ၂ ကြိမ်စလုံး Negative ထွက်ရှိတာကြောင့် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ဆေးရုံက ဆင်းပြီးနောက် အိမ်မှာ Home Quarantine ၁၄ ရက်နေထိုင်ရမှာ ဖြစ်တယ်လို့ စစ်တွေ ပြည်သူဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်ကပြောပါတယ်။
" ဒီ ကိုဗစ်လူနာ ၁ဝ ယောက်ကို ပိုးစစ်တာ နှစ်ကြိမ် ပိုးမတွေ့တော့ဘူး။ သူတို့က ဆေးရုံတက်ရက် ၁၄ ရက်ရှိတယ်။သူတို့ကလည်း ရောဂါအခြေအနေကောင်းမွန်တယ် ။ဒါကြောင့် ဆေးရုံကနေပေးဆင်းပြီးတော့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း အိမ်မှာ home Quarantine ၂ ပတ် စနစ်တကျနေထိုင်ဖို့ သေသေချာချာ မှာကြားပြီးဆေးရုံကနေ ပေးဆင်းလိုက်တာ”လို့ ဒေါက်တာ ဇော်လွင်က ပြောပါတယ်။
photo- Dr Zaw Lwin
အိမ်မှာ Home Quarantine နေထိုင်စဉ်ကာလမှာလည်း သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ Contact လုပ်နေရမှာဖြစ်ပြီး၊ home ကွာရန်တင်း နှစ်ပတ်ကြာပြီးနောက်ပိုင်း ဆေးရုံကနေ လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်ပြီးမှ သာမန်လူတွေလိုမျိုးသွားလာ နေထိုင်ခွင့်ရမယ့်အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။
"Cb bank ဝန်ထမ်းလည်း ဆင်းရမယ့်အနေအထားရှိပါတယ်။ ပိုးမတွေ့ ၂ ခါစစ်တာပေါ့။ ခု n ထွက်တဲ့သူတွေလည်းရှိနေပြီ။ လူနာ ၂၇၀ကျော်မှာ အဆောင်အလိုက်ထားရတယ်သူတို့မှာစိတ်ပိုင်းဆိုင်ရာ မွန်းကြပ်မှုတွေရှိတယ်။ ဒါကြောင့် ဒီနေ့ဆင်းတဲ့သူတွေကို ဆေးရုံဆင်းလက်မှတ်ပေးလိုက်တယ်။ ဒီရောဂါကစိတ်ပိုင်းဆိုင်ရာနဲ့ဆိုင်တယ်။ ခုလို ရောဂါပျောက်ကင်းပြီးဆင်းရသူရှိတော့ ကျန်တဲ့သူတွေလည်း စိတ်အားတက်မယ်။ သူတို့ လည်း မကြာခင်ဆင်းရမယ်ဆိုတဲ့ စိတ်ခွန်အားရတယ်။"လို့ ဒေါက်တာဇော်လွင်ကပြောပါတယ်။
ဒီကနေ့ ဆေးရုံကဆင်းခွင့်ရတဲ့ ကိုဗစ်အတည်ပြုလူနာ ၁၀ ဦးလုံးဟာ စစ်တွေမြို့ကဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူတွေကို ဆေးရုံဆင်းလက်မှတ် တွေပါ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ စစ်တွေ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ် အတည်ပြုလူ ၂၇၅ ဥဦးရှိကာ အဲဒီထဲကမှ ၁၀ ဦးကတော့ ဒီကနေ့မှာ ဆေးရုံကနေ ဆင်းခွင့်ရရှိသွားတာဖြစ်ပါတယ်။ပထမဆုံးအကြိမ် ဆင်းခွင့်ရရှိတဲ့ သူတွေလည်းဖြစ်ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။