ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်းကူးစက်လူနာ (၆၇)ဦးမှာ ကျန်းမာရေးဝန်ထမ်း (၁၁)ဦးပါဝင်တယ်လို့ သိရပါတယ်။
“ လက်ရှိရောဂါပိုးကူးစက်ခံထားရတဲ့ ကျန်းမာရေဝန်ထမ်း (၁၁)ဦးရှိတယ်။ သူတို့နဲ့ ထိတွေ့မှုရှိထားသူတွေကိုလည်း Quarantine ထားရှိထားပါတယ်။ လက်ရှိမှာလည်း ရန်ကုန်က လာရောက်ကူညီတဲ့ ကျန်းမာရေးအဖွဲ့တွေရောက်နေတော့ ကူသမှုအပိုင်းအခက်အခဲတော့မရှိဘူး။ အခု ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း(၁၁)ရဲ့ ကျန်းမာရေးအခြေအနေကလည်း အားလုံးကောင်းမွန်တယ်။ စိုးရိမ်စရာဘာမှမရှိဘူး” လို့ စစ်တွေမြို့ ကျန်းမာရေးဌာန(အထူးရောဂါနှိမ်နင်းရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က Duwun ကိုပြောပါတယ်။
အတည်ပြုလူနာတွေကို ဆေးကုသမှုတွေဆောင်ရွက်ပေးခဲ့ရာက ကျန်းမာရေးဝန်ထမ်းတွေကူးစက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ အားလုံးကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကကတော့ လူနာနံပတ် ၃၉၅ ၊ ၃၉၈ ၊ ၄၁၇ ၊ ၄၃၀၊ ၄၃၆၊ ၄၄၅၊ ၄၄၆ ၊ ၄၄၇၊ ၄၄၈၊ ၄၄၉ နဲ့ ၄၅၉ တို့ဖြစ်ပါတယ်။
လက်ရှိရခိုင်ပြည်နယ်မှာ ကိုဗစ်ပိုးက မြန်ဆန်စွာကူးစက်ပြန့်နှံ့လျှက်ရှိနေပြီး တစ်ပတ်အတွင်းမှာတင် ပြည်တွင်းကူးစက်လူနာ (၇၂)ဦးထိရှိခဲ့ပါတယ်။ အဆိုပါ (၇၂)ဦးထဲမှာ (၁၆)ဦးသာ ရောဂါလက္ခဏာပြပြီး ကျန်တဲ့ လူနာတွေအားလုံးက ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေါက်တာစိုးဝင်းပိုင်ကပြောပါတယ်။
လက်ရှိ ရခိုင်မှာဖြစ်ပွားနေတဲ့ ကိုဗစ်ပိုးဟာ ကူးစက်မှု မြန်ဆန်ပြီး မျိုးဗီဇပြောင်းနေတဲ့ ဗိုင်းရပ်ဖြစ်နိုင်တာကြောင့် ဆေးပညာရှင်တွေအနေနဲ့ ဒီပိုးကို ဓာတ်ခွဲ စစ်ဆေးမှုတွေလုပ်နေပြီး ရက်ပိုင်းအတွင်းမှာ အဖြေထွက်ပေါ်လာတော့မှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရပါတယ်။