• Featured

    Stay at Home အမိန့် မလိုက်နာသူတွေကို မနက်ဖြန်မှစပြီး အရေးယူမယ်

သက်ဆိုင်ရာ မြို့နယ်တွေအလိုက် အရေးယူမှုတွေစတင်တော့မှာပါ။

ကိုဗစ်ပိုး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် စက်တင်ဘာလ (၂၁)ရက်နေ့ကစပြီး ရန်ကုန်တစ်မြို့လုံးကို Stay at Home အဖြစ်ကြေညာခဲ့ရာမှာ ယနေ့အထိပြည်သူတွေအနေနဲ့ လိုက်နာမှုတွေ အားနည်းနေသေးတယ်လို့ သိရပါတယ်။ 


image

ဒါကြောင့် သက်ဆိုင်ရာမြို့နယ်တွေအလိုက် Stay at Home အမိန့် မလိုက်နာတဲ့သူတွေကို အရေးယူမှုတွေ စတင်တော့မှာဖြစ်တယ်လို့ သင်္ကန်းကျွန်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက Duwun ကိုပြောပါတယ်။

“ ဒီနေ့ပဲ ကျွန်တော်တို့တာဝန်ရှိသူတွေလည်း ညှိနှိုင်းမှုတွေလုပ်ဆောင်ပြီးပါပြီ။ မနက်ဖြန်ကစပြီး အရေးယူမှုတွေစမှာပါ။ အထက်ကညွှန်ကြားချက်ပေးတာမျိုး မဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ်အလိုက်အရင်ဆောင်ရွက်တဲ့သဘောပါ။ အရေးယူမှုတွေ မပါတော့ လိုက်နာမှုတွေကလည်းအားနည်းတယ်။အဲဒါကြောင့် အခုလိုဆောင်ရွက်တာဖြစ်တယ်။ အစပိုင်းမှာတော့ ပြင်းထန်တဲ့အရေးယူမှုတွေမလုပ်သေးပါဘူး။ Mask ဝယ်ခိုင်းတာတို့ဘာတို့ပဲလုပ်မယ်။ နောက်ပိုင်းမှာ ပိုတင်းကြပ်လာနိုင်တယ်”လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

ရန်ကုန်ကို Stay at Home အဖြစ် (၂)ပတ်သတ်မှတ်လိုက်တာက ပိုးတွေ့လူနာအရေအတွက် ထိန်းချုပ်နိုင်ဖို့ဖြစ်ပြီး အခုလိုပြည်သူတွေမလိုက်နာရင်တော့ ဒီအစီအစဉ်ကအောင်မြင်မှာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။ ဒါ့ကြောင့် အခုလို အရေးယူမှုတွေကို စတင်တာ့မှာလည်းဖြစ်ပါတယ်။ ရန်ကုန်က ပိုးတွေ့လူနာအများဆုံးဖြစ်နေပြီး ကိုဗစ်ပိုးကိုထိန်းချုပ်နိုင်ဖို့ဆိုရင် ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှုကလည်း အရေးကြီးလှပါတယ်။

ကိုဗစ်ပိုး ကူးစက်မှု ပျံနှံ့နေတဲ့ ရန်ကုန်ကို Stay at Home အဖြစ် နှစ်ပတ်နေထိုင်ရန် ကြေညာခဲ့ပြီးနောက်မှာတော့ ပြည်သူတွေသာ လိုက်နာမှုတွေရှိမယ်ဆိုရင် နောက် သုံးပတ်နောက်ပိုင်းမှာတော့ လူနာအရေအတွက်ကို ထိန်းချုပ်လာနိုင်မှာဖြစ်တယ်လို့လည်း ကျန်းမာရေးတာဝန်ရှိသူတွေက သုံးသပ်ပြောဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က