ဩစတြေးလျရဲ့ ဒုတိယ လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ ဗစ်တိုးရီးယားမှာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံရဲ့ ဒုတိယ လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ ဗစ်တိုးရီးယားမှာ COVID-19 ကူးစက်မှုများ မြင့်တက်နေမှုကြောင့် အရေးပေါ် အခြေအနေထုတ်ပြန်ထားမှုကို နောက်ထပ် လေးပတ်တိုးပြီး ဇူလိုင် ၁၉ ရက်နေ့အထိ သတ်မှတ်လိုက်ကြောင်း ယနေ့ (ဇွန် ၂၁ ရက်) ကြေညာပါတယ်။

(Photo: Reuters)

ဗစ်တိုးရီးယားမှာ အိမ်ထောင်စုများထံ အလည်အပတ်သွားရောက်ပါက လူငါးဦးထက်မပိုရန်နဲ့ နေအိမ်ပြင်ပ စုရုံးမှုကို ၁၀ ဦးထက်မပိုရန် ကန့်သတ်ချက်များ ပြန်လည် ချမှတ်သွားမယ်လို့ ကြေညာခဲ့ပြီးနောက် အရေးပေါ် အခြေအနေ သတ်မှတ်ကာလကို တိုးချဲ့လိုက်တာလည်း ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ ဇွန် ၁ ရက်မှာတော့ အိမ်ထောင်တစ်ခုထံ လူ ၂၀ ဦး အလည်အပတ်သွားနိုင်ပြီး အများပြည်သူ စုရုံးမှုတွေကို ပြန်လည်ခွင့်ပြုထားခဲ့ရာမှ ယခုအခါ ကန်သတ်ချက်တွေ ပြန်လည်ထားရှိခဲ့ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်မှာ ယနေ့ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၉ ဦး စစ်ဆေးအတည်ပြုခဲ့ပြီး ကူးစက်မှုအသစ် ဂဏန်းနှစ်လုံး အရေအတွက် မြင့်တက်လာမှုကို ငါးရက်မြောက်အဖြစ် တွေ့ရှိခဲ့ရကြောင်း Reueters သတင်းမှာ ဖော်ပြပါတယ်။

(Photo: AFP)

လက်ရှိအချိန်အထိ ဗစ်တိုးရီးယားပြည်နယ်အတွင်း COVID-19 အတည်ပြုလူနာ ၁,၈၃၆ ဦး တွေ့ရှိထားပြီး ထိုအရေအတွက်ဟာ ဩစတြေးလျမှာ ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး တစ်နိုင်ငံလုံးရှိ လူနာစုစုပေါင်းရဲ့ လေးပုံတစ်ပုံလည်း ဖြစ်ပါတယ်။ ဗစ်တိုးရီးယားမှာ တွေ့ရှိရတဲ့ အတည်ပြုူနာ ၂၁၀ ဦးဟာ ပြည်နယ်အတွင်း ကူးစက်ခံရသူများဖြစ်ပြီး မိသားစုတွေက ပါတီပွဲကြီးများ၊ နေ့လယ်စာစားပွဲနဲ့ ညစာစားပွဲများ ကျင်းပခဲ့ကြခြင်းက ကူးစက်မှုအကြောင်းရင်း တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီး Jenny Mikakos က ပြောပါတယ်။

ဗစ်တိုးရီးယားမှာ ဇွန် ၁ ရက်နေ့မှစပြီး ကန့်သတ်ချက်တွေ ဖြေလျှော့ပေးခဲ့ရာ ထိုပွဲများသို့ ရောဂါလက္ခဏာ မပြင်းထန်သူများလည်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ "လတ်တ‌လော ရက်ပိုင်းထဲမှာ ကူးစက်မှုအရေအတွက် မြင့်တက်နေတာက ကျွန်တော်တို့ကို သိသိသာသာ စိုးရိမ်ပူပန်မှု ဖြစ်စေပါတယ်၊ ဒါက တစ်ကယ့် အရေးတကြီး အခြေအနေတစ်ခု ဖြစ်နေဆဲပါ" လို့ Jenny Mikakos က ပြောပါတယ်။

အရေးပေါ်အခြေအနေ တိုးချဲ့သတ်မှတ်လိုက်မှုအရ ရဲတပ်ဖွဲ့က စည်းမျဥ်းညွှန်ကြားချက်များ လိုက်နာစေရန် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ "ဒီအချိန်က အားရကျေနပ်စရာ မဟုတ်ပါဘူး၊ ဒီဗိုင်းရပ်စ်က ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းအပေါ် အနိုင်ယူနေတာကို ရပ်တန့်ဖို့အတွက် ကျွန်တော်တို့ အားလုံးက ပါဝင်လုပ်ဆောင်ရမယ့်အချိန်ပါ" လို့ ဗစ်တိုးရီးယားရဲဌာန အကြီးအကဲ Lisa Neville က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ယနေ့အထိ စာရင်းတွေအရ ဩစတြေးလျမှာ COVID-19 ကူးစက်ခံရသူ ၇,၄၃၆ ဦး၊ သေဆုံးသူ ၁၀၂ ဦးနဲ့ ပြန်လည်သက်သာသူ ၆,၈၈၁ ဦးရှိခဲ့ပါတယ်။ COVID-19 ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ ၉ သန်းနီးပါးရှိလာပြီး ၄၆၆,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကနေ ပြန်လည်သက်သာလာသူ အရေအတွက်ကတော့ ၄.၇ သန်းကျော်ရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က