ယူနိုက်တက်ရဲ့နိုင်ပွဲဟာ ဆာအဲလက်စ်ကို နောက်တစ်ကြိမ် ပြုံးပျော်စေခဲ့တယ်လို့ Daily Mail က ရေးသားဖော်ပြသွားခဲ့ပါတယ်။
ချယ်လ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ကစားခဲ့ကြတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်ကို ယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် လာရောက်ကြည့်ရှုခဲ့ပြီး အသင်းဟောင်းရဲ့ နိုင်ပွဲအတွက် ပြုံးပျော်ကြည်နူးနေတာကို တွေ့မြင်ခဲ့ရပါတယ်။
အန်ဒါဟာရဲရား နဲ့ ပေါလ်ပေါ့ဂ်ဘာတို့ရဲ့ ခေါင်းတိုက်သွင်းဂိုးတွေကြောင့် ယူနိုက်တက်က ချယ်လ်ဆီးကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မတ်လ (၁၆)ရက်နေ့မှာ ဝုလ်ဗ်နဲ့ ကွာတားဖိုင်နယ်ပွဲကို ကစားသွားရမှာဖြစ်ပြီး အက်ဖ်အေဖလားပွဲမှာ (၃)ပွဲဆက်တိုက် အဝေးကွင်းမှာပဲ သွားရောက်ကစားဖို့ ဖြစ်လာခဲ့ပါတယ်။
ယူနိုက်တက်အသင်းကို လက်ရှိကိုင်တွယ်နေတဲ့ အိုလီဂန်နာဆိုးလ်ရှားကတော့ ဖာဂူဆန်ရဲ့ လက်အောက်မှာ (၁၁)နှစ်ကြာ ကစားပေးခဲ့တဲ့ ကစားသမားဟောင်းဖြစ်ပြီး ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ ဆာအဲလက်စ်ဖာဂူဆန်ကို ပြုံးပျော်နေအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ နည်းပြဟောင်းမော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက်မှာ ဖာဂူဆန်ဟာ ယူနိုက်တက်လေ့ကျင့်ရေးကွင်းကိုလည်း သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နှစ် မေလအတွင်းမှာ ကျန်းမာရေးဆိုးဝါးခဲ့လို့ ဆေးကုသမှုခံယူခဲ့ရတဲ့ ဖာဂူဆန်ဟာ ဘောလုံးပွဲ ကြည့်ရှုနိုင်ဖို့အတွက် အခွင့်အရေးပြန်လည်ရရှိခဲ့ပြီးနောက် အသင်းဟောင်းရဲ့ ပွဲစဉ်တွေကို လိုက်ပါကြည့်ရှုလေ့ရှိသူလည်း ဖြစ်ပါတယ်။ စိတ်ပျက်ဖွယ်ရာ ရလဒ်တွေကနေ ယူနိုက်တက်တို့ ရုန်းထွက်လာနိုင်ခဲ့အပြီး ပွဲကြည့်စင်ပေါ်မှာ ဖာဂူဆန်ရဲ့ အပြုံးတွေကိုလည်း မြင်တွေ့နေခဲ့ရပါတယ်။
ချယ်လ်ဆီးနဲ့ပွဲမှာလည်း ဆာအဲလက်စ်ဖာဂူဆန်ဟာ အသင်းဟောင်းရဲ့ နိုင်ပွဲအတွက် ကျေနပ်နေခဲ့ပြီး ပွဲချိန်တစ်လျှောက်လုံးမှာ ပြုံးရွှင်နေခဲ့တာကို ရုပ်သံကင်မရာတွေက အမိအရ ရိုက်ကူးပြခဲ့ပါတယ်။ ဒီမြင်ကွင်းကတော့ ယူနိုက်တက်ပရိသတ်တွေအတွက်လည်း စိတ်ကျေနပ်စရာ မြင်ကွင်းတစ်ခုဖြစ်ခဲ့ရပါတယ်။