ချနာသစ်က ဂျပန်ကလပ် ဆာပိုရိုအသင်းမှာ ကစားနေပြီး အခွင့်အရေးကောင်းတွေရှိရင် သားဖြစ်သူအနေနဲ့ ဥရောပထိ ခြေဆန့်သွားမယ်လို့ ၎င်းရဲ့ ဖခင်က ပြောထားပါတယ်။

ဂျာမနီ ဘွန်ဒက်လီဂါ ကလပ် စတုဂတ်အသင်းက ဂျပန်ကလပ် ဆာပိုရိုအသင်းမှာ ကစားနေတဲ့ ထိုင်းလက်ရွေး စင်ကစားသမား ချနာသစ်ကို ကမ်းလှမ်းလာတယ်လို့ Fox Sports Asia သတင်းဌာနက ဖော်ပြပါတယ်။ ထိုင်းနိုင်ငံမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချနာသစ်ကို စတုဂတ်အသင်းက ချိတ်ဆက်လာတာလို့ သိရပြီး စတုဂတ်အသင်းကတော့ ဒီနှစ် ဘွန်ဒက်လီဂါမှာ အဆင့် ၁၆ သာရခဲ့လို့ တန်းမဆင်းရရေး ခြေစစ်ပွဲ ကစားနေရပါတယ်။
ယူနီယံဘာလင်အသင်းနဲ့ ခြေစစ်ပွဲ နှစ်ကျော့ ကစားနေရပြီး ပထမအကျော့အဖြစ် ကစားခဲ့ရာမှာ ၂ဂိုးစီ သရေကျထားပါတယ်။ ဒုကျော့ကိုတော့ လာမယ့် မေ၂၇ မှာ ဆက်ကစားမှာ ဖြစ်ပြီး စတုဂတ်အသင်းအနေနနဲ့ တန်းမဆင်းရရေး အနိုင် ကစားဖို့ လိုနေပါတယ်။

ချနာသစ်ရဲ့ ဖခင်ဖြစ်သူကလည်း သူ့သားကို ဂျမန်ကလပ်က ဆက်သွယ်မှုတွေ ရှိကြောင်းနဲ့ အခွင့်အရေးကောင်း ရှိမယ်ဆိုရင်တော့ ဥရောပထိ ခြေဆန့်ဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့တဲ့အကြောင်း Fox Sports Asiaက ဆက်လက်ဖော်ပြခဲ့ပါတယ်။ ချနာသစ်အနေနဲ့ကတော့ ဂျပန်ကလပ် ဆာပိုရိုအသင်းနဲ့ ၂၀၁၈ ဇူလိုင်လကမှ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး မူထောင် အသင်းကနေ အငှားနဲ့ခေါ်ယူထားရာကနေ အပြီးသတ် ခေါ်ယူထားနိုင်ခဲ့ပြီလို့လည်း သိရပါတယ်။