• ချစ်သူနဲ့အတူတူရှိတဲ့နေ့တိုင်းက Valentine's day ပဲဆိုတဲ့ သင်ဇာဝင့်ကျော်

ငယ်ငယ်တုန်းက ချစ်သူများနေ့ဆိုရင်ခုန်ခဲ့ဖူးတာမျိုးရှိတယ်။

သင်ဇာဝင့်ကျော်ကတော့ Valentine's day ဆိုတာကို ငယ်ငယ်တုန်းကတော့ ရင်ခုန်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ချစ်သူနဲ့အတူပျော်ရတဲ့နေ့တွေတိုင်းက Valentine's day ပဲလို့ သူကဆိုပါတယ်။ 

 
image

သင်ဇာဝင့်ကျော်ကတော့ ချစ်သူများနေ့နဲ့ပတ်သက်ပြီး သူမစိတ်ထဲက ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ငယ်ငယ်တုန်းက ချစ်သူထားတဲ့အချိန်တွေတုန်းက Valentine's day ကို ရင်ခုန်ခဲ့ဖူးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

 “ငယ်ငယ်တုန်းကတော့ ရူးတာပေါ့နော် ချစ်သူရှိတဲ့အချိန် ပန်းစည်းတွေပေး၊ ချောကလက်တွေလဲပေါ့။ အခုကျတော့ ဘာမှ မဟုတ်တော့ဘူး။ ကိုယ့်အလုပ်၊ ကိုယ့်မိဘ၊ ကိုယ့်ပရိသတ်တွေ၊ ကိုယ့်သူငယ်ချင်းတွေ ဒါတွေကပဲ အရေးကြီးတာ။ တကယ်လို့ ချစ်သူရှိခဲ့တယ်ဆိုရင်တောင်မှ ချစ်သူနဲ့ အတူတူနေရတဲ့ အချိန်တိုင်းက Valentine's day ပဲလေ။ Valentine's day မှာမှ မပျော်မရွှင်ရဘူးဆိုရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။ Valentine's day မို့လို့ ထူးကဲပြီး စိတ်ခံစားမှုလည်း သိပ်မရှိပါဘူး” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက House Of Beauty Hair Makeup ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Amazing Grace

သူမ ကြုံတွေ့ခဲ့ရတဲ့ အချစ်ရေးတွေကလည်း ကံမကောင်းတာများတယ်လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။ ကိုယ်တိုင်ကလည်း စိတ်ကြီးတတ်သူဖြစ်လို့ လမ်းခွဲခဲ့တာများတယ်လို့ဆိုပါတယ်။  

“ ကိုယ့်ဆီရောက်လာတဲ့ ချစ်သူတွေကတော့ ကောင်းတာ များပါတယ်။ ကိုယ်ကသာ ဆိုးခဲ့သလိုဖြစ်တာပေါ့နော်။ သင်ဇာက စိတ်ကြီးတယ်၊ ဒေါသကြီးတယ် အဲဒီအတွက်ကိုယ့်ကို အရမ်းသည်းခံနိုင်တဲ့လူမှ အဆင်ပြေမှာ။ စိတ်အခန့်မသင့်လို့ ရန်ဖြစ်တယ် ဆိုရင်လည်း သင်ဇာ့ဘက်က ပြတ်သွားတာများတယ်။ အဓိက ကတော့ ကိုယ့်စိတ်ကြောင့်ပဲလား မသိဘူး။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုယ် ကံကောင်းတဲ့အထဲမှာ ပါတယ်လို့ မထင်မိဘူး” လို့ သူကဆိုပါတယ်။ 

Photo: Amazing Grace

လက်ရှိမှာတော့ သင်ဇာဝင့်ကျော်ဟာ အချစ်ရေးထက် မိသားစုကို ပိုပြီးတော့ အချိန်ပေးသွားမယ်လို့ ဆိုပါတယ်။ ၁၅၀၀ အချစ်ထက် ၅၂၈ မေတ္တာကလည်း ချစ်လို့ရတယ်လို့ သူကပြောပါတယ်။ 

“ ချစ်သူတစ်ယောက်က ကိုယ်ပေးရတာနဲ့တန်လား တန်လို့ရှိရင် တစ်ဘဝလုံးပေးလိုက်မယ်။ ကိုယ်က ပေးရတာမတန်ဘူး၊ ဖြူစင်တဲ့အချစ်တွေ၊ ဂရုစိုက်မှုတွေ အကုန်လုံး သူ့ဆီက ပြန်ရတာ အစစ်အမှန်မဟုတ်ဘူးဆိုရင် ဒါမတန်ဘူးလေ။ မတန်ရင်တော့ ကိုယ့်မိသားစု၊ ကိုယ့်အလုပ်၊ ကိုယ့် ပရိသတ်တွေနဲ့ မလဲနိုင်ဘူး။ အချစ်ဆိုတာက ၅၂၈ မေတ္တာနဲ့လည်း ချစ်လို့ရတာပဲလေ။ ဒါကြောင့် ဒီအချစ်ဆိုတာကြီးက သင်ဇာ့အတွက်အရမ်းအရေးမကြီးပါဘူး” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Amazing Grace

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ချစ်သူမရှိသေးပါဘူး။ သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ မကြာခင်မှာတော့ သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်ထားတဲ့မြမြ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အရှေ့ကို ရောက်ရှိလာတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က