စဝ်ယွန်းဝတီဦးရဲ့ အနုပညာလှုပ်ရှားမှုတွေကိုတော့ ‘’အဆောင်’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာ အကြားအမြင်ဆရာမလေးအဖြစ် မြင်တွေ့ရဦးမှာပါ။ သူမဟာ အလှမယ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတာပါ။
စဝ်ယွန်းဝတီဦးကတော့ လက်ရှိမှာ သရုပ်ဆောင်အလုပ်တွေ တဖြည်းဖြည်းဆောင်ရွက်လာ ရပြီဖြစ်ပါတယ်။ အခုလည်း ‘’အဆောင်’’ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရမယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။
‘’ ဒီဇာတ်ကားထဲမှာ ညီမက ဗေဒင်ပညာကို စိတ်ဝင်စားတယ်။ ပရလောက နဲ့ ချိတ်ဆက်ဖို့ ကြိုးစားနေတဲ့ အကြားအမြင် ရလုနီးပါး ဆရာမလေးတစ်ယောက်ပေါ့နော်။ ညီမက အပြင်မှာဆိုလည်း တစ်ခါတလေကျရင် တစ်ယောက်တည်း တွေးနေတတ်တယ်။ ဘေးမှာ လူတွေရှိတာတောင် အာရုံမထားဖြစ်တော့ဘူးပေါ့နော်။ အဲဒါနဲ့ ဒါရိုက်တာကနေပြီးတော့ ဒီ ဇာတ်ရုပ်နဲ့လိုက်တယ်။ ပဒုမ္မာဆိုတဲ့ ကာရိုက်တာလုပ်ဆိုတာနဲ့ ရိုက်ဖြစ်သွားတာပါ’’ လို့ သူကဆိုပါတယ်။
သူရဲ့ အနုပညာလှုပ်ရှားမှုတွေဟာ တဖြည်းဖြည်းနဲ့ ပရိသတ်အရှေ့ကို ရောက်လာတဲ့အပျော်မှာလည်း စဝ်ယွန်းဝတီဦးက ကျေနပ်ပီတိဖြစ်လို့နေပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး သူမရဲ့ ခံယူချက်ကိုလည်း အခုလို ပြောပြလာပါတယ်။
‘’ အခုဆိုရင် ကြိုးစားရင်းနဲ့ သရုပ်ဆောင် အလုပ်ကို တကယ်စိတ်ဝင်စားလာတယ်။ ပရိသတ်တွေ တကယ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်။ ပြီးတော့ ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်တွေကိုလည်း လေးစားအားကျလာတယ်။ အနုပညာအလုပ်ကတခြားအလုပ်တွေနဲ့ မတူဘူး။ ပိုပြီးတော့ ရင်ခုန်ဖို့လည်းကောင်းတယ်၊ စိတ်ဝင်စားဖို့လည်းကောင်းတယ်’’ လို့ အဆောင် ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
သူမဟာ ပရိသတ်အားပေးမှု အများကြီးရခဲ့တဲ့ ‘’ဟစ်တိုင်’’ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ သူမအတွက်ကတော့ ဒီဇာတ်ကားမှာ ပညာတော်တော်ရလိုက်တယ်လို့ ဆိုပါတယ်။
‘’ အဲဒီဇာတ်ကား ရိုက်လိုက်ရတဲ့ အချိန်မှာ ကောင်းကောင်း Mood သွင်းတတ်သွားတယ်။ ဒရာမာ Mood တွေဆိုရင် ဘယ်လို သွင်းရမလဲဆိုတာကို နားလည်သွားတယ်။ ပြီးတော့ လူငယ်တွေကို ရှေ့ဆောင်လမ်းပြဖြစ်အောင် ပညာတစ်ခုခုပေးနိုင်မယ့် ကာရိုက်တာမျိုးကို သရုပ်ဆောင်ချင်ပါတယ်’’ လို့ သူက ပြောပါတယ်။
စဝ်ယွန်းဝတီဦးဟာ Miss Myanmar International 2017 Winner ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က စပြီး သရုပ်ဆောင်ဘက်ကို တဖြည်းဖြည်းနဲ့ ကူးပြောင်းခဲ့တာ တွေ့ရပါတယ်။