အာရှရဲ့ဆွဲဆောင်မှုအရှိဆုံး ကျွန်းဆွယ်နိုင်ငံတစ်နိုင်ဖြစ်တဲ့ ထိုင်ဝမ်မှာဆိုရင် သမိုင်းဝင်ယဉ်ကျေးမှုတွေနဲ့ ခေတ်ပေါ်ယဉ်ကျေးမှုတွေက ကမ္ဘာလှည့်ခရီးသွားတွေရဲ့အာရုံကို ဆွဲဆောင်နေပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း ၁၃၉၇၆ မိုင်ကျယ်ဝန်းတဲ့ ထိုင်ဝမ်နိုင်ငံမှာ ခမ်းနားတဲ့ ရှေးဟောင်းနေရာတွေနဲ့ ဈေးဝယ်လည်ပတ်လို့ကောင်းတဲ့ နေရာတွေ အများကြီးရှိလို့ မလည်မဖြစ်လည်ပတ်သင့်တဲ့နိုင်ငံစာရင်းထဲမှာ ထည့်ထားသင့်တဲ့နိုင်ငံတစ်ခုပါပဲ။
Taipei 101

ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတစ်အုံဖြစ်တဲ့ တိုင်ပေမြို့ရဲ့ အထင်ကရ Taipei 101 ကတော့ သေချာပေါက်လည်ပတ်သင့်တဲ့နေရာထဲမှာ ပါပါတယ်။ ကမ္ဘာပေါ်မှာအမြန်ဆုံး လို့နာမည်ကြီးတဲ့ ဓာတ်လှေကားကြီးစီးပြီး ၃၇ စက္ကန့်အတွင်း ၈၉ လွှာထိတက်၊ ပြီးရင်တော့ တိုင်ပေမြို့ရဲ့အလှအပတွေကို ခံစားရင်း ရင်သပ်ရှုမောဖွယ်ညအလှမြင်ကွင်းတွေက ကျေနပ်စရာကောင်းတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ Taipei 101 ထဲမှာဆိုရင်တော့ အမှတ်တရပစ္စည်းဆိုင်၊ လက်ဝတ်ရတနာဆိုင်တွေ၊ Shopping Mall တွေနဲ့ စားသောက်တန်းတွေလည်းရှိနေလို့ လူငယ်တွေရော၊ လူကြီးတွေပါ သဘောကျစေမှာပါ။
Yahliu Geo Park
သဘာဝအလှအပတွေကို နှစ်သက်တဲ့ခရီးသွားချစ်သူတွေ လည်ပတ်သင့်တဲ့နေရာတစ်ခုကတော့ Yahliu Geo Park ပဲဖြစ်ပါတယ်။ ရေသံ၊ လေသံတွေနဲ့ ပုံစံမျိုးစုံနဲ့လှပနေတဲ့ကျောက်တုံးတွေက ခရီးသွားတွေကို ဆွဲဆောင်နေတဲ့အရာတွေပဲလေ။ ပျားအုံပုံစံကျောက်တုံးတွေ၊ မှိုပွင့်ပုံစံကျောက်တုံးတွေနဲ့ ဘုရင်မဦးခေါင်း ပုံသဏ္ဍာန် ကျောက်တုံးတွေကိုလှည့်ပတ်ကြည့်ရှုပြီး လေအေးအေးနဲ့ လမ်းလျှောက်ထွက်ရင်း အပန်းဖြေလို့ကောင်းတဲ့နေရာပါပဲ။
National Palace Museum
ထိုင်ဝမ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို တစ်စုတစ်စည်းတည်းပြသထားတဲ့နေရာဖြစ်ပြီး သမိုင်းဝင်လက်မှုပညာပေါင်း ၇၀၀၀၀၀ ခန့်ကို ခင်းကျင်းပြသထားပါတယ်။ တိုင်ပေမှာရှိတဲ့ ဒီပြတိုက်ကြီးကိုတော့ ၁၉၆၅ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီး စုန့်မင်းဆက်၊ ယွမ်မင်းဆက်၊ မင်မင်းဆက်နဲ့ ချင်းမင်းဆက်ဆိုတဲ့ မင်းဆက် ၄ ဆက်ရဲ့ တော်ဝင်ပစ္စည်းတွေကို ပြသထားပါတယ်။ အဲ့ဒီနောက်မှာတော့ ခေတ်အဆက်ဆက်မင်းဆက်တွေရဲ့ ရှေးဟောင်းလက်ဝတ်ရတနာတွေ၊ တန်ဖိုးကြီး ကျောက်စိမ်းတုံးတွေအပြင် ပန်းချီအနုပညာတွေ၊ စာပေတွေကိုလည်း လေ့လာကြည့်ရှုနိုင်ပါတယ်။ ဒီ National Palace Museum ပြတိုက်ကို တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှု ရတနာသိုက်ကြီး တစ်ခုလို့တောင်တင်စားခေါ်ဝေါ်ကြပါသေးတယ်။
Ximending
လူငယ်တွေနဲ့အမြဲစည်ကားနေပြီး ထိုင်ဝမ်ရဲ့ နာမည်ကြီးစားသောက်ဆိုင်တွေ၊ ဖက်ရှင်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ ညဈေးတန်းတွေရှိတဲ့အတွက် ဈေးဝယ်ထွက်လို့ကောင်းတဲ့နေရာဆိုပြီးနာမည်ကြီးပါတယ်။ ဒါ့အပြင် နောက်ထပ် ခရီးသွားတွေအကြိုက်တွေ့စေမှာကတော့ ထိုင်လို့ကောင်းတဲ့ သောက်စရာ ဘားဆိုင်တွေအပြင် ဖျော်ဖြေရေးတွေအစုံအလင်ရှိတဲ့အတွက် သွားလည်သင့်တယ်နော်။
Fo Guang Shan Buddha Museum
ထိုင်ဝမ်နိုင်ငံရဲ့ အရေးပါတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ အထင်ကရနေရာတစ်ခုဖြစ်ပြီး ဗိသုကာပညာရှင်တွေရဲ့ ရိုးရာနဲ့ ခေတ်သစ်ပုံစံ ဒီဇိုင်းနှစ်မျိုးဖြစ်တဲ့ တရုတ်ဟန်နဲ့ အနောက်တိုင်း စတိုင် ကို အချိုးကျကျ ရောနှောတည်ဆောက်ခဲ့တဲ့ ဗုဒ္ဓဝင်ပြတိုက်တစ်ခုဖြစ်ပါတယ်။ ဒီဗုဒ္ဓဝင်ပြတိုက်ကိုဝင်ဝင်ချင်းမှာပဲ အာရှရဲ့အကြီးမားဆုံးဗုဒ္ဓရုပ်ပွားတော်ကြီးလို့ ဆိုရလောက်တဲ့ ရုပ်ပွားတော်ကြီးကို ဖူးမြော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဗုဒ္ဓဝင်ပြတိုက်ကြီးက ၄ထပ်အဆောက်အအုံ ဖြစ်ပြီး အထပ်တိုင်းမှာ ဗုဒ္ဓဝင်အကြောင်းတွေလေ့လာနိုင်တဲ့ ပြခန်းတွေရှိပြီး ကမ္ဘာလှည့်ခရီးသည်အများအပြား လာရောက်လေ့လာကြည့်ရှုကြတဲ့ နိုင်ငံတကာအဆင့်မီပြတိုက်တစ်ခုဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူး ရောက်ပြီဆိုတာနဲ့ မီးပုံးပွဲတော်ကျင်းပလေ့ရှိပြီး အဲဒီအချိန်ကတော့ လာရောက်လည်ပတ်သူအများ ဆုံးနဲ့ အစည်းကားဆုံးအချိန်တစ်ခုဖြစ်ပါတယ်။
Sun Moon Lake
အထင်ကရနေရာတွေထဲမှာပါဝင်တဲ့ ဒီရေကန်ဟာဆိုရင် ထိုင်ဝမ်နိုင်ငံရဲ့အလှပဆုံးနဲ့ အသန့်ရှင်းဆုံး ရေကန်တစ်ကန် အဖြစ်နာမည်ကြီးပါတယ်။ အရှေ့ဘက်ကကြည့်မယ်ဆိုရင်တော့ နေလိုမျိုး လုံးဝန်းတဲ့ပုံစံရှိပြီး အနောက်ဘက်ကကြည့်ရင်တော့ လခြမ်းပုံစံရှိတဲ့အတွက် နေလရေကန်လို့ ခေါ်ကြတာပဲဖြစ်ပါတယ်။ ရေကန်ပတ်လမ်းမှာ စက်ဘီးစီးရင်း ပတ်ဝန်းကျင်က သဘာဝ အလှတရားတွေကို ခံစားနိုင်သလို တောင်ပေါ်တက်ပြီး View Point ကနေလည်း နေလ ရေကန်အလှကို ခံစားနိုင်ပါသေးတယ်။ နေလရေကန်ကိုအလည်သွားမယ်ဆိုရင်တော့ နွေဦးနဲ့ ဆောင်းဦးက ကန်ရဲ့အလှကို မြင်တွေ့ရမယ့်အကောင်းဆုံးလည်ပတ်ချိန်ပဲဖြစ်ပါတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။