• တိုင်ထိကြေးသာဆိုနိုင်လောက်ပေမယ့် တကယ့်ဂိုးနဲ့ပဲတွက်တော့ အာဆင်နယ်ကိုရှုံးတဲ့ယူနိုက်တက်

အာဆင်နယ်တို့ အိမ်ကွင်းမှာ ယူနိုက်တက်ကို ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။

ကြည့်ကောင်းတဲ့ပွဲတပွဲဖြစ်ခဲ့ပြီး နှစ်သင်းလုံးရဲ့ ခံစစ်မှာ အားနည်းချက်ကိုယ်စီနဲ့ပဲ အပြိုင်အဆိုင် တိုက်စစ်ဆင်ခဲ့ပါတယ်။ အာဆင်နယ်နောက်တန်းက ဒီကနေ့ပွဲထွက်လာတဲ့ တာဗာရက်စ်၊ ဆီဒရစ်တို့က အားနည်းချက်တွေရှိခဲ့သလို ဒါလော့၊ အဲလက်စ်တဲလက်စ်တို့ကလည်း အခြေအနေမဟန်ပါဘူး။ အဲလက်စ်တဲလက်စ်ဆိုရင် ဆာကာကို တယောက်ချင်းယှဥ်လုတာတောင် အသည်းအသန်ဖြစ်ခဲ့တာပါ။

image

အာဆင်နယ်ရသွားတဲ့ဂိုးတွေကလည်း ဆာကာဆီကနေပဲ အစပြုခဲ့တာဖြစ်ပါတယ်။ ပွဲစစချင်းမှာတင် ဆာကာရဲ့ကန်ချက်ကို ဒီဂီယာ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် တာဗာရက်စ်က ထပ်ဆင့်ပိတ်သွင်းပြီး အာဆင်နယ်တို့ အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကလည်း ဗာရန်း၊ အဲလက်စ်တဲလက်စ်တို့နှစ်ယောက်လုံးရဲ့ အားနည်းချက်ကနေ အစပြုခဲ့တာပါ။

image

အဲ့ဒီနောက် ပွဲကစားချိန် မိနစ် (၃၀) မှာ အာဆင်နယ်တို့ နောက်တဂိုးထပ်ရခဲ့ပါတယ်။ အန်ကီတီယာဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတဲ့အနေအထားမှာ ဒီလူမကျွံခင် ဆာကာကို အဲလက်စ်တဲလက်စ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပါတယ်။ ဒီပင်နယ်တီကို ဆာကာကပဲ ကန်သွင်းခဲ့ပါတယ်။

ယူနိုက်တက်တို့ ချေပဂိုးချက်ချင်းဆိုသလို ရရှိခဲ့ပြီး မာတစ်တင်ပေးတဲ့ဘောလုံးကို ရော်နယ်ဒိုက ပိတ်သွင်းယူခဲ့တာပါ။ ဒီဂိုးက ရော်နယ်ဒိုအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့တဲ့ဂိုးလည်းဖြစ်ပါတယ်။

အာဆင်နယ်က အန်ကီတီယာ၊ အိုဒီဂတ်တို့ရဲ့ အပိုင်ကန်ချက်တွေကို ဒီဂီယာ လက်စွမ်းပြပုတ်ထုတ်နိုင်ခဲ့သလို ယူနိုက်တက်က အီလန်ဂါ၊ အဲလက်စ်တဲလက်စ်တို့ကန်ချက်တွေကို ရမ်စ်ဒေးလ်ကာကွယ်နိုင်ခဲ့ပြီး ဒါလော့ရဲ့ ကန်ချက်ကလည်း ဘားတန်းထိထွက်ခဲ့တာကြောင့် နှစ်သင်းလုံး နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်က ဆက်လက်ဖိအားပေးခဲ့ပါတယ်။ မထင်မှတ်ဘဲ တာဗာရက်စ်ရဲ့ လက်ထိဘောကတဆင့် ပင်နယ်တီရခဲ့ပေမယ့် ဒီပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ် တိုင်ထိအောင်ကန်ခဲ့လို့ ယူနိုက်တက်အတွက် တော်တော်လေးနစ်နာခဲ့ပါတယ်။ ရော်နယ်ဒိုလည်း တဂိုးထပ်သွင်းခဲ့သေးပေမယ့် လူကျွံနေခဲ့ပြန်ပါတယ်။

ယူနိုက်တက် တိုက်စစ်မြှင့်လာခဲ့ပြီး ရော်နယ်ဒို ချပေးတဲ့ ဘောလုံးကို ဒါလော့ အပိုင်ကန်တာမှာလည်း တိုင်ထိထွက်ခဲ့တာကြောင့် ချေပဂိုးနဲ့ဝေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အာဆင်နယ်အတွက် အနိုင်သေချာစေမယ့်ဂိုးကို ချာကာက ဧရိယာအပြင်ကနေ အပြင်းကန်သွင်းပြီး ယူနိုက်တက်ကို မျှော်လင့်ချက်မဲ့စေခဲ့ပါတယ်။

ယူနိုက်တက်အတွက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်က အရင်တည်းက မျှော်လင့်လို့မကောင်းတော့ပေမယ့် အာဆင်နယ်ကတော့ စပါးနဲ့အပြိုင် ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် မျှော်လင့်ချက်အားကောင်းနေဆဲလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က