ပါကစ္စတန်နိုင်ငံမှာ တာလီဘန်စစ်သွေးကြွအုပ်စုကို အန်တုရင်ဆိုင်ပြီး အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေး တောင်းဆိုခဲ့သူအဖြစ် မာလာလာယူဆွတ်ဖ်ဇိုင်း (Malala Yousafzai) က ကမ္ဘာသိ ထင်ရှားတဲ့ မိန်းကလေးတစ်ဦးပါ။
မာလာလာဆိုတာ
ယခုအခါ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာလာလာဟာ ပညာသင်ကြားခွင့်ရရှိရေး တာလီဘန်တို့ကို ဆန့်ကျင်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့စဥ်က ဆယ်ကျော်သက် ကလေးအရွယ်မျှပင်ရှိပါသေးတယ်။ မာလာလာက အသက် ၁၁ နှစ်အရွယ်မှာပင် မိန်းကလေး စာသင်ကျောင်းများ ပိတ်ပစ်ရန် တာလီဘန်တို့ရဲ့ ခြိမ်းခြောက်မှုတွေကြား ပါကစ္စတန်မှာ နေထိုင်ရတဲ့ ဘဝအကြောင်း BBC သတင်းဌာနမှာ ထုတ်ဖော်ပြောခဲ့သူပါ။
မိန်းကလေးများ ပညာသင်ကြားခွင့်ရရှိရေး သူမရဲ့ တက်ကြွလှုပ်ရှားမှုကြောင့် တာလီဘန်တို့ထံမှ အသက်အန္တရာယ်ခြိမ်းခြောက်မှု ကြုံခဲ့ရပြီး အမှန်တကယ်လည်း မာလာလာဟာ သေစေနိုင်လောက်တဲ့အထိ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ မာလာလာတစ်ယောက် သေကံမရောက်ဘဲ ပညာရေးရဲ့ အရေးပါမှုကို အများသိအောင် ဆက်လက် ပြောကြားနေခဲ့ပါတယ်။
မာလာလာဟာ အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ကုလသမဂ္ဂမှာ မိန့်ခွန်းတစ်ရပ် ပြောကြားခွင့်ရခဲ့သူပါ။ သူမရဲ့ ပထမဆုံး စာအုပ်အဖြစ် 'I AM Malala' ကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။
တာလီဘန်တို့ ထိန်းချုပ်ခဲ့တဲ့ မွေးရပ်မြေ
မာလာလာကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့က ပါကစ္စတန်နိုင်ငံရဲ့ Swat တောင်ကြားဒေသရှိ မင်ဂိုရာမြို့မှာ မွေးဖွားခဲ့ပါတယ်။ မာလာလာရဲ့ မွေးရပ်ဇာတိမြို့ဟာ နွေရာသီပွဲတော်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကြား ထင်ရှားတဲ့ လာရောက်လည်ပတ်စရာနေရာ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တာလီဘန်တို့က ထိုမြို့ကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့ရာက အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။
ပညာရေးတက်ကြွလှုပ်ရှားသူ
မာလာလာက သူမရဲ့ဖခင် Ziauddin Yousafzai တည်ထောင်ခဲ့တဲ့ စာသင်ကျောင်းမှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ တာလီဘန်တို့က Swat တောင်ကြားရှိ မိန်းကလေး စာသင်ကျောင်းတွေကို စတင်တိုက်ခိုက်လာခဲ့ပြီးနောက် မာလာလာက ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာ "How dare the Taliban take away my basic right to education?" ဆိုတဲ့ ခေါင်းစဥ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပြီး တာလီဘန်တို့ကို အန်တုခဲ့ပါတယ်။
၂၀၀၉ ခုနှစ် အစောပိုင်း သူမရဲ့အသက် ၁၁ နှစ်အရွယ်မှာတော့ မာလာလာက တာလီဘန်တို့ရဲ့ ခြိမ်းခြောက်မှုတွေအောက်မှာ သူမရဲ့ ပညာသင်ကြားခွင့် ငြင်းပယ်ခံနေရကြောင်း BBC မှာ ဘလော့ဂ်ရေးသားပြီး ထုတ်ဖော်ပြောခဲ့ပါတယ်။ သူမကို မသိနိုင်စေရန် Gul Makai ဆိုတဲ့ အမည်ကို မာလာလာက အသုံးပြုခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာတော့ မာလာလာဟာ BBC ဘလော့ဂ်ဂါဖြစ်ကြောင်း အားလုံးက သိလာခဲ့ကြရပါတယ်။ လူအများက သူမကို သိလာကြနဲ့အတူ မာလာလာက သူမနဲ့ အမျိုးသမီးများအားလုံး ပညာသင်ကြားခွင့်ကို ဆက်လက် ပြောလာခဲ့ပါတယ်။ မာလာလာရဲ့ တက်ကြွလှုပ်ရှားမှုတွေကြောင့် ၂၀၁၁ ခုနှစ်မှာ သူမကို အပြည်ပြည်ဆိုင်ရာ ကလေးများ ငြိမ်းချမ်ရေးဆု (International Children's Peace Prize) အတွက် အမည်စာရင်းတင်သွင်းခံခဲ့ရပါတယ်။
နှစ်မှာပဲ မာလာလာကို ပါကစ္စတန်နိုင်ငံရဲ့ လူငယ်ငြိမ်းချမ်းရေးဆု (National Youth Peace Prize) ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ မာလာလာရဲ့ အမျိုးသမီးများ ပညာသင်ကြားရေး တက်ကြွလှုပ်ရှားမှုတွေကို ကမ္ဘာတစ်ဝန်းက အသိအမှတ်ပြုကြပေမဲ့ တာလီဘန်တို့ကတော့ အသက်အန္တရာယ်ခြိမ်းခြောက်လာခဲ့ပါတယ်။
ခြိမ်းခြောက်မှုရှိလာပြီးနောက် မာလာလာတို့ မိသားစုက တာလီဘန်ဆန့်ကျင်သူတစ်ဦးဖြစ်တဲ့ သူမရဲ့ဖခင် လုံခြုံရေးအတွက် စိုးရိမ်ပူပန်ခဲ့ကြပေမဲ့ ကလေးအရွယ်မျှသာဖြစ်တဲ့ မာလာလာကိုတော့ တာလီဘန်တို့က ရန်ပြုလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။
တာလီဘန်တွေရဲ့ ပစ်ခတ်ခံရတဲ့ မာလာလာ
၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှာ ထိုစဥ်က အသက် ၁၅ နှစ်အရွယ် မာလာလာက သူငယ်ချင်းတွေနဲ့အတူ ဘတ်စ်ကားစီးပြီး ကျောင်းကနေ အိမ်ကိုပြန်လာခဲ့ပါတယ်။ ထိုဘတ်စ်ကားပေါ်ကို မျက်နှာဖုံးစွပ် သေနတ်သမားတစ်ဦး တက်လာခဲ့ပြီးနောက် မာလာလာက ဘယ်သူလဲလို့ မေးမြန်းခဲ့ပါတယ်။
မာလာလာရဲ့ သူငယ်ချင်းတွေက သူမရဲ့နာမည်ကိုကြားပြီး သူမကို ကြည့်လိုက်မိရာက သေနတ်သမားက မာလာလာရဲ့နေရာကို သိရှိသွားခဲ့ပါတယ်။ ထို့နောက် သေနတ်သမားက မာလာလာကို ပစ်ခတ်ခဲ့ရာ သူမရဲ့ ဦးခေါင်းဘယ်ဖက်အခြမ်းကို ထိမှန်သွားခဲ့ပြီး ကျည်ဆန်ဟာ လည်ပင်းနေရာကို ရောက်သွားခဲ့ပါတယ်။ ထိုပစ်ခတ်မှုမှာ အခြား မိန်းကလေးနှစ်ဦးလည်း ဒဏ်ရာရခဲ့ကြပါတယ်။
ခေါင်းကိုသေနတ်နဲ့ အပစ်ခံရတဲ့ မာလာလာဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ခဲ့ပြီး သူမကို ပက်ရှ်ဝါမြို့ရှိ စစ်ဘက်ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။ စစ်ဆေးရုံမှာ မာလာလာရဲ့ ဦးခေါင်းခွံ အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားခဲ့ပြီး သူမရဲ့ ဦးနှောက်ဒဏ်ရာကို ကုသပေးရန် လုပ်ဆောင်ခဲ့ပါတယ်။
နောက်ထပ် ဆေးကုသမှုခံယူရန် မာလာလာကို ဗြိတိန်သို့ လွှဲပြောင်းခဲ့ပါတယ်။ လနဲ့ချီကြာမြင့်တဲ့ ကုသမှုတွေ ခံယူခဲ့ရပြီးနောက် ၂၀၁၃ ခုနှစ် မတ်လမှာ မာလာလာတစ်ယောက် ဘာမင်ဂမ်မှာ ကျောင်းပြန်တက်နိုင်ခဲ့ပါတယ်။ ပစ်ခတ်ခံရမှုနောက်ပိုင်းမှာ ကမ္ဘာတစ်ဝန်းကနေ မာလာလာကို အားပေးထောက်ခံမှုတွေ များစွာရှိလာခဲ့ပါတယ်။
တာလီဘန်တို့က မာလာလာကို ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားဆဲဖြစ်ပေမဲ့ သူမက ပညာရဲ့အရေးပါမှု၊ ပညာရဲ့အစွမ်းကို အများသိအောင် တက်ကြွလှုပ်ရှားဆောင်ရွက်သူအဖြစ် ဆက်လက် လုပ်ဆောင်နေပါတယ်။
မာလာလာနဲ့ ကုလသမဂ္ဂ
မာလာလာဟာ တာလီဘန်တို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုခံရပြီးနောက် ၉ လအကြာ ၂၀၁၃ ခုနှစ် သူမရဲ့ ၁၆ နှစ်ပြည့်မွေးနေ့မှာ ကုလသမဂ္ဂမှာ မိန်းခွန်းတစ်ရပ် ပြောကြားခွင့်ရခဲ့ပါတယ်။ မာလာလာက ပညာရေးနဲ့ အမျိုးသမီးများ အခွင့်အရေးကို အဓိကထား ပြောကြားခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တွေကို ၎င်းတို့ရဲ့ မူဝါဒများ ပြောင်းလဲကြရန် တိုက်တွန်းခဲ့ပါတယ်။ ထိုစဥ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သူ ဘန်ကီမွန်းက မာလာလာရဲ့ မွေးနေ့ဖြစ်တဲ့ ဇူလိုင် ၁၂ ရက်ကို "မာလာလာနေ့" (Malala Day) အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။
ကလေးအားလုံးအတွက် ပညာသင်ကြားရေး သေချာစေရန် သူမရဲ့ တက်ကြွလှုပ်ရှားမှုကို ဂုဏ်ပြုမှုအဖြစ် Malala Day ကို သတ်မှတ်ခြင်းဖြစ်တယ်လို့ ဘန်ကီမွန်းက ပြောခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလမှာ လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်စ်က မိန်းကလေးများ ပညာသင်ကြားရေး အားပေးမြှင့်တင်ရန် မာလာလာကို UN Messenger of Peace အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဂုဏ်ပြုဆု ချီးမြှင့်ခံရမှုများ
မာလာလာဟာ သူမရဲ့အသက် ၁၇ နှစ်အရွယ် ၂၀၁၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု (Nobel Peace Prize) ရရှိခဲ့ပြီး အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မာလာလာက ငြိမ်းချမ်းရေးနိုဘယ်ဆုကို အိန္ဒိယနိုင်ငံမှ ကလေးများ အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ Kailash Satyarthi နဲ့အတူ ပူးတွဲရရှိခဲ့တာ ဖြစ်ပါတယ်။ မာလာလာဟာ ၂၀၁၃ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရပြီး ထိုနှစ်မှာတော့ ရွေးချယ်မခံခဲ့ရပါဘူး။
၂၀၁၃ ခုနှစ်မှာ ဥရောပပါလီမန်က မာလာလာရဲ့ တက်ကြွလှုပ်ရှားမှုအတွက် သူမကို Sakharov Prize for Freedom of Thought ဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလမှာလည်း ကနေဒါနိုင်ငံက မာလာလာကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
သူမဟာ ကနေဒါသမိုင်းတစ်လျှောက် ထိုဆုကို ရရှိခဲ့တဲ့ ခြောက်ဦးမြောက်နဲ့ အသက်အငယ်ဆုံးသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ မာလာလာနဲ့ သူမရဲ့ဖခင်တို့က "မာလာလာရန်ပုံငွေအဖွဲ့" (Malala Fund) ကို တည်ထောင်ခဲ့ပြီး ပညာသင်ကြားရေးဆိုင်ရာ အားပေးကူညီတဲ့လုပ်ငန်းတွေ ဆောင်ရွက်နေခဲ့ပါတယ်။
အိမ်ထောင်ရှင်မတစ်ဦးဖြစ်လာတဲ့ မာလာလာ
တာလီဘန်တွေ လုပ်ကြံသတ်ဖြတ်မှုကနေ အသက်ရှင်ခဲ့တဲ့ မာလာလာဟာ အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့မှာ မိသားစုနဲ့အတူ ရွှေ့ပြောင်းအခြေချ နေထိုင်ခွင့်ရခဲ့ပါတယ်။
ဘာမင်ဂမ်ဟာ သူမအတွက် "ဒုတိယ မွေးရပ်မြေ" လို့ မာလာလာက ညွှန်းဆိုခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာလာလာဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း သူမရဲ့လက်တွဲဖော် အက်ဆာမာလစ်ခ်နဲ့ အစ္စလာမ့်ထုံးထမ်းအစဥ်အလာအတိုင်း လက်ထပ်ခဲ့ပြီး အိမ်ထောင်သည်ဘဝကို စတင်ခဲ့ပါတယ်။
Ref: Biography, Wikipedia, International news agencies / Photo: AFP, Getty Images, Malin Fezehai
Share