Google ဟာ သတင်းအကြောင်းအရာ ယူသုံးမှုအတွက် လိုင်စင်ကြေးပေးမယ့် အစီအစဉ်တစ်ခု ကြေညာခဲ့ပါတယ်။
အရည်အသွေးမြင့် အကြောင်းအရာတွေအတွက် သတင်းဌာနတွေကို ပိုက်ဆံပေးမယ့် လိုင်စင်ပရိုဂရမ်ဝန်ဆောင်မှုကို နှစ်ကုန်ပိုင်းလောက်မှာ စတင်သွားဖို့ ခန့်မှန်းထားပြီး Google News နဲ့ Discover ပလက်ဖောင်းပေါ်မှာ ဖြန့်ချိသွားမှာပါ။ အခြေအနေအရ Google ဟာ အခပေးဝယ်ထားတဲ့ သတင်းဆောင်းပါးတွေကိုလည်း အခမဲ့ပေးသွားဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
Photo: Gadgets NDTV
Google ဟာ ဒီပရိုဂရမ်ကို ဂျာမဏီ ၊ ဩစတြေးလျနဲ့ ဘရာဇီးတို့မှာရှိတဲ့ သတင်းဌာနတွေနဲ့ စတင်သွားမှာ ဖြစ်ပြီး မကြာခင်မှာ နောက်ထပ်သတင်းဌာနတွေဆီ တိုးချဲ့သွားမယ်လို့လည်း ကြေညာထားပါတယ်။ Financial Times သတင်းအရ Google ရဲ့ သတင်းမိတ်ဖက်ပါတနာတွေထဲမှာ ဂျာမဏီမှ Der Spiegel နဲ့ ဩစတြေးလျမှ Schwartz Media တို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်ကပဲ ဩစတြေးလျအစိုးရဟာ အကျိုးအမြတ်ရနေတဲ့ အခမဲ့ သတင်းအကြောင်းအရာတွေအတွက် နည်းပညာကုမ္ပဏီများအနေနဲ့ သတင်းဌာနတွေကို ငွေပေးချေဖို့ ဖိအားပေးတောင်းဆိုခဲ့ပါတယ်။ Facebook နဲ့ Google စတဲ့ အင်တာနက်လူမှုကွန်ရက်ကုမ္ပဏီတွေဟာ သတင်းမီဒီယာတွေရဲ့ သတင်းအရင်းအမြစ် အများစုသုံးနေပြီး အွန်လိုင်းကြော်ငြာလုပ်ငန်းကနေ ဝင်ငွေအများအပြား ရနေတယ်လို့ ဆိုပါတယ်။
Photo:Silicon Republic
သတင်းဌာနများ ဖန်တီးထားတဲ့ သတင်းအကြောင်းအရာအတွက် အခကြေးငွေပေးဖို့ Facebook နဲ့ Google ကို ညွှန်ကြားနိုင်မယ့် ဥပဒေလုပ်ထုံးမူကြမ်းတွေကို ဩစတြေးလျအစိုးရဟာ ဇူလိုင်လကုန်ပိုင်းမှာ ထုတ်ပြန်သွားဖို့ ရှိပါတယ်။ ပြင်သစ်နိုင်ငံကလည်း ပြီးခဲ့တဲ့ ဧပြီလထဲမှာ သတင်းဆောင်းပါးပါ အကြောင်းအရာများ ရယူဖော်ပြမှုအတွက် ငွေပေးချေဖို့ပါ Google ကို အမိန့်ချထားပါတယ်။
Facebook ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး အမေရိကန်သတင်းမီဒီယာကြီးတွေ ဖြစ်တဲ့ The Wall Street Journal ၊ USA Today နဲ့ BuzzFeed အပါအဝင် publisher ကြီးတွေနဲ့ လက်တွဲပြီး Facebook News နာမည်နဲ့ မိုဘိုင်းလ်အက်ပလီကေးရှင်းမှာ သတင်းခန်းတစ်ခု စမ်းသပ်ဖွင့်လှစ်ခဲ့ပါတယ်။ Facebook ဟာ ဒီ News Tab ကို မကြာခင် ဥရောပဈေးကွက်ကိုလည်း တိုးချဲ့သွားဖို့ ရှိပါတယ်။