ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ဟာ လက်ရှိအချိန်မှာ တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး လက်ကျန်ပွဲတွေမှာ အမှားအယွင်းတွေ ဆက်လက်ပြုလုပ်နေလို့မရပါဘူး။ ပြီးခဲ့တဲ့ဆောင်းရာသီ အပြောင်းအရွှေ့မှာ အဲဗာတန်က နည်းပြလမ်းပတ်အပါအဝင် အလီ၊ ဗန်ဒီဘိခ်တို့လို ကစားသမားကောင်းတွေကို ခေါ်ယူခဲ့ပေမယ့် ရလဒ်ပိုင်း တည်ငြိမ်မှုရဖို့ ကြိုးစားနေရဆဲပါ။

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာလည်း အဲဗာတန်တို့ စပါးကို ငါးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး တန်းဆင်းဇုန်ရဲ့ အဆင့် (၁၈) နေရာက ဘန်လေနဲ့ တမှတ်သာ ကွာဟပါတော့တယ်။ ဒီလိုအချိန်မျိုးမှာပဲ အဲဗာတန်အတွက် သတင်းဆိုးတခု ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။

အဲဗာတန်ဟာ အမှတ်လျှော့ပြစ်ဒဏ်ကျခံရဖို့ အရေးနဲ့ ရင်ဆိုင်နေရပြီး ဒါဟာ လိဂ်ရဲ့အမြတ်အစွန်းနဲ့ ရေရှည်ရပ်တည်နိုင်ရေးအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တာကြောင့်လို့ ဒေးလီမေးလ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၀-၂၁) ဘောလုံးရာသီအတွက် ဘဏ္ဍာရေးရှင်းတမ်းကို အဲဗာတန်တို့ (၂၀၂၁) ဒီဇင်ဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် သတင်းတွေရဲ့ဖော်ပြချက်အရ အဲဗာတန်အနေနဲ့ ကိုဗစ်နဲ့ပတ်သက်လို့ ဘဏ္ဍာရေးအရ ဘယ်လိုမျိုး တုံ့ပြန်ခဲ့သလဲဆိုတဲ့အပေါ် ပရီးမီးယားလိဂ်ကို ဖြေရှင်းချက်ပေးဖို့ နှောင့်နှေးနေဆဲလို့ သိရှိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့သတ်မှတ်ချက်အရ ကလပ်အသင်းတွေဟာ (၃) နှစ်အတွင်း အများဆုံး ပေါင် (၁၀၅) သန်းသာ အရှုံးပေါ်ခွင့်ရှိပါတယ်။
အဲဗာတန်ကတော့ (၂၀၁၇) ကနေ (၂၀၂၀) အထိ (၃) နှစ်တာကာလအတွင်း ပေါင်သန်း (၂၆၀) အရှုံးပေါ်ခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာလည်း ဂရေးကို ပေါင် (၁.၈) သန်းနဲ့ အခြားသော ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့သာ ခေါ်ယူခဲ့ရပါတယ်။ ဒီလိုအနေအထားမျိုးမှာ အဲဗာတန်အနေနဲ့ တိကျသေချာတဲ့ ဖြေရှင်းချက် မပေးနိုင်ဘူးဆိုရင် အမှတ်လျှော့ပြစ်ဒဏ် ကျခံရဖွယ်ရှိပါတယ်။
အဲဗာတန်သာ ဒီကိစ္စနဲ့ အမှတ်လျှော့ခံရမယ်ဆိုရင် ဒီစည်းမျဥ်းအောက်ကနေ အမှတ်လျှော့ခံရတဲ့ ပထမဆုံးအသင်းဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် (၂၀၀၉-၁၀) ဘောလုံးရာသီက စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စတွေကြောင့် အမှတ်လျှော့ခံရတဲ့ ပို့စ်မောက်နောက်ပိုင်း ပထမဆုံး အမှတ်လျှော့ခံရတဲ့ အသင်းဖြစ်လာမှာပါ။ အဲဗာတန်ရဲ့ လက်ရှိပိုင်ရှင် ရုရှားသူဌေး အယ်လစ်ရှာအူစမာနော့ဗ်ကလည်း သူ့မိခင်နိုင်ငံ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုကြောင့် ဗြိတိန်မှာ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရဖို့ရှိပြီး ဒါတွေအကုန်လုံးသာ စုပေါင်းသွားရင်တော့ အဲဗာတန်တို့ တန်းဆင်းသွားရနိုင်ခြေရှိပါတယ်။