• တောင်ကြီးထိသွားဖို့မလိုတော့ဘဲရန်ကုန်မှာပဲစားလို့ရမယ့် ချစ်ပန်တို့ဟူးနွေး

ရန်ကုန်မှာဖွင့်လှစ်ထားတယ်ဆိုပေမယ့် တောင်ကြီးကချစ်ပန်ဆိုင်အတိုင်း လက်ရာအတိုင်းပါ။

တောင်ကြီးမြို့ကိုရောက်တဲ့ ခရီးသွားဧည့်သည်တိုင်းတကူးတကရှာစားရတဲ့ ချစ်ပန် တို့ဟူးနွေး၊ရှမ်းခေါက်ဆွဲဆိုင်လေးက အခုဆို ရန်ကုန်မြို့ကို ရောက်ရှိလာပါပြီ။ ရန်ကုန်မြို့ ဘယ်နေရာမှာ သွားစားရမလဲ၊ အရသာကရော တောင်ကြီးလက်ရာအတိုင်းပဲလားဆိုတာကတော့ ချစ်ပန်ဆိုင်ရဲ့ အရသာကို စားဖူးကြတဲ့ အစားတလိုင်းတွေအတွက် စိတ်ဝင်စားစရာပါ။

တောင်ကြီးမြို့ရဲ့ နှစ် (၃၀) ကျော်သက်တမ်းရှိတဲ့ တို့ဟူးနွေးဆိုင်လေး

ချစ်ပန် တို့ဟူးနွေး၊ရှမ်းခေါက်ဆွဲဆိုင်လေးက တောင်ကြီးမြို့မှာ ဖွင့်လှစ်ထားတာ နှစ် (၃၀) ကျော်ရှိနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၃၀) တုန်းကတော့ တောင်ကြီးမြို့မဈေးထဲမှာ ဆိုင်အသေးလေးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ကောင်းမွန်တဲ့လက်ရာကြောင့် တောင်ကြီးမြို့ရဲ့ ခရီးသွားဧည့်သည်တိုင်းရဲ့ ရွေးချယ်စရာ ဆိုင်လေးတစ်ခုဖြစ်လာခဲ့တာပါ။

“ အစ်မရဲ့ အမေလက်ထက်ကတည်းက ဖွင့်ထားတာပေါ့နော်။ အဝေးက လာတဲ့ ဧည့်သည်တိုင်း ချစ်ပန်ဆိုင်မှာ ဝင်စားကြတယ်။ တောင်ကြီးမှာ ချစ်ပန်လို့ ပြောလိုက်ရင် တို့ဟူးနွေး၊ ရှမ်းခေါက်ဆွဲနဲ့ တွဲသိကြတယ်။ အစ်မတို့ဆိုင်မှာတို့ဟူးနွေးကောင်းတယ်လို့ အမြဲပြောကြပါတယ်” လို့ ဆိုင်ရှင် မအိအိမိုးက ဆိုပါတယ်။

image
ရန်ကုန်ဆိုင်ခွဲအဖြစ် စတင်တိုးချဲ့လာ

ချစ်ပန်ဆိုင်လေးက တောင်ကြီးမြို့မှာ ဆိုင် (၂) ဆိုင်ရှိပြီး နောက်ထပ်ဆိုင်ခွဲအဖြစ် ရန်ကုန်မြို့မှာ ဖွင့်လှစ်လာတာ တစ်လ ကျော်ဝန်းကျင်ပဲရှိပါသေးတယ်။ ဒါပေမယ့်လည်း ချစ်ပန်ဆိုင်လို့ပြောလိုက်တာနဲ့ စားဖူးကြတဲ့ စားသုံးသူတိုင်း တကူးတကလာစားကြပြီး တစ်လအတွင်းမှာ ထင်မှတ်မထားလာအောင် ရောင်းကောင်းခဲ့ပါတယ်။

“ တစ်နေရာမှာ ဆိုင်ခွဲဖွင့်မယ်လို့စဉ်းစားတော့ ရန်ကုန်မှာလည်း အိမ်ရှိတော့ ရန်ကုန်မှာ ဆိုင်ခွဲဖွင့်ဖို့စဉ်းစားလိုက်တာ။ ရန်ကုန်မှာဖွင့်တာ အဲ့ဒီလောက် အားပေးမယ်မထင်ခဲ့ဘူး။ ဆိုင်စဖွင့်တဲ့နေ့က လိုင်းပေါ်မှာ စာလိပ်စာလေးတင်လိုက်တော့ တောင်ကြီးက ချစ်ပန်ဆိုင် တကယ် လာဖွင့်တာလားဆိုပြီး လာစားကြတယ်” လို့ ဆိုပါတယ်။

ရန်ကုန်မှာလည်း တောင်ကြီးလက်ရာအတိုင်းစားရ

ရန်ကုန်မှာ ဖွင့်လှစ်ထားတယ်ဆိုပေမယ့် တောင်ကြီးက ချစ်ပန်ဆိုင်အတိုင်း လက်ရာဖြစ်အောင် ပြုလုပ်ထားတာကြောင့် တောင်ကြီးက ချစ်ပန်အရသာကို လွမ်းနေသူတွေအတွက် အလွမ်းပြေစေမှာပါ။

“ မုန်ညင်းချဉ်ဆို တောင်ကြီးကနေ မှာရတာ။ အမြဲတမ်းကားဂိတ်နဲ့ တစ်ရက်ခြားပို့ပေးတယ်။ အစ်မက တောင်ကြီးဆိုင်မှာလည်း အမေနဲ့တူတူ လုပ်တာဆိုတော့ အမေချက်တဲ့လက်ရာအတိုင်း ဖြစ်အောင်လုပ်ထားတယ်။ ဒီမှာ တောင်ကြီးထက်တောင် ပိုရောင်းရတယ်။ ကုလားပဲဆို တစ်ရက်ကို ငါးပြည်လောက်ကုန်တယ်။ အိုးကြီး (၂)အိုးလောက်ကုန်တယ်။” လို့ ဆိုပါတယ်။

ချစ်ပန် တောင်ကြီးဆိုင်လေးကို လွမ်းနေသူတွေအတွက်

ချစ်ပန် ဆိုင်လေးကတော့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းမပေါ်၊ အမှတ် (၁၆) မှာတည်ရှိပြီး ဆိုင်ဖွင့်ချိန်က မနက် ၆ နာရီကနေ နေ့လယ် ၃ နာရီလောက်ထိ ဖွင့်လှစ်ထားပါတယ်။ ရနိုင်တာတွေကတော့ တို့ဟူးနွေး ၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ ဆီချက်ခေါက်ဆွဲ၊ ဂျုံကြက်ပေါင်း၊ ရှမ်းအသုပ်/ အရည်၊ မြီးရှည်သုပ်၊ ဖက်ထုပ်ကြက်ပေါင်း၊ ကြက်ခြေထောက်စွပ်ပြုတ် တို့ရနိုင်ပြီး ဈေးနှုန်းတွေကတော့ ၂၀၀၀ ကျပ်၊ ၂၅၀၀ ကျပ် ကနေ ၃၅၀၀ ကျပ်အထိဖြစ်ပြီး ရှမ်းပြည်ရဲ့ အမှတ်အသားဖြစ်တဲ့ ဆန်ချိုအေးတို့လည်း ရနိုင်ပါတယ်။

 

 

 

Share

Loading Next Article...
က္က