ပြိုင်ဘက်အုပ်စုက ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲ တရားဝင် မဲရေတွက်မှု ရလဒ်တွေကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ရာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရရှိကြောင်း သိရပါတယ်။

(ရွေးကောက်ပွဲကော်မရှင်ရုံး လုံခြုံရေးစောင့်ကြပ်နေမှု) (Photo: Reuters)

ရွေးကောက်ပွဲကော်မရှင်က တရားဝင်မဲရလဒ်တွေကို ယနေ့ (မေ ၂၁ ရက်) အစောပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး သမ္မတဂျိုကိုဝီက မဲအရေအတွက် ၅၅.၅ ရာခိုင်နှုန်းနဲ့ ပြိုင်ဘက်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုက ၄၄.၅ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ဆိုပါတယ်။



ယနေ့ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင် (General Election Commission - KPU) ရဲ့ တရားဝင်ရလဒ်ဟာ ဧပြီ ၁၇ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သမ္မတဂျိုကိုဝီ သက်သောင့်သက်သာ အနိုင်ရမယ်လို့ မဲဆန္ဒရှင်စစ်တမ်းပြုလုပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ပြောကြားမှုနဲ့လည်း ကိုက်ညီနေကြောင်း သိရပါတယ်။

(လက်ရှိသမ္မတဂျိုကိုဝီ [ဝဲဘက်မှ] နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တို) (Photo: AP)

အင်ဒိုနီးရှားရွေးကောက်ပွဲ မဲရလဒ်များ တရားဝင် မထုတ်ပြန်မီကပင် သမ္မတဂျိုကိုဝီ့ရဲ့ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုက မဲဆန္ဒရှင်စစ်တမ်းရလဒ်တွေကို လက်မခံခဲ့ဘဲ ရွေးကောက်ပွဲမှာ မသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ကြောင်း စွပ်စွဲထားခဲ့ပါတယ်။

ထိုအခြေအနေအရ ကော်မရှင်က ယနေ့မနက်အစောပိုင်းမှာ ရွေးကောက်ပွဲရလဒ်များ တရားဝင် ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ဆူဘီယန်တိုဘက်မှ တရားဥပဒေအရ အရေးဆိုဆောင်ရွက်မှုတွေနဲ့ ၎င်းကိုထောက်ခံသူတွေရဲ့ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ရှိလာနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။ ဆူဘီယန်တိုဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာလည်း ဂျုကိုဝီဒိုဒိုကို ကျဉ်းမြောင်းတဲ့ မဲရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

(ဂျိုကိုဝီနှင့် ဆူဘီယန်တို)

အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင်က ယနေ့ထုတ်ပြန်လိုက်တဲ့ တရားဝင် မဲရလဒ်တွေအရ သမ္မတဂျိုကိုဝီက စုစုပေါင်း မဲအရေအတွက် ၁၅၄ သန်းအနက် ၈၅ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲမှာ စနစ်တကျ လုပ်ဆောင်ခဲ့တဲ့ မသမာမှုတွေရှိခဲ့ကြောင်း ဂျိုကိုဝီရဲ့ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုနဲ့ ၎င်းရဲ့အဖွဲ့က ပြောဆိုမှုတွေကို ရွေးကောက်ပွဲကြီးကြပ်ရေးဌာနက တနင်္လာနေ့ (မေ ၂၀ ရက်) အစောပိုင်းမှာ ပယ်ချခဲ့ပြီး ထိုသို့လုပ်ဆောင်ခဲ့တဲ့ သက်သေမရှိကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် လွတ်လပ်တဲ့ စောင့်ကြည့်အဖွဲ့တွေနဲ့ စိစစ်လေ့လာသူတွေကလည်း မဲပေးမှုတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ ပြောခဲ့ကြကြောင်း ရွေးကောက်ပွဲကြီးကြပ်ရေးဌာနက ဆိုပါတယ်။ ယနေ့မနက်အစောပိုင်းမှာ ရွေးကောက်ပွဲရလဒ်တွေကို တရားဝင်ထုတ်ပြန်ခဲ့ပြီးနောက် လက်ရှိအချိန်အထိတော့ အခြေအနေ ငြိမ်သက်နေဆဲဖြစ်ပါတယ်။

(အင်ဒိုနီးရှားရွေးကောက်ပွဲ မဲရုံတစ်ခုမြင်ကွင်း) (Photo: Jakarta Post)

အမေရိကန်သံရုံးကတော့ ၎င်းရဲ့နိုင်ငံသားတွေကို အင်ဒိုနီးရှားမှာ သွားလာနေထိုင်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေး သတိပေးချက်တစ်ရပ်ကို ရွေးကောက်ပွဲရလဒ်များ တရားဝင် မထုတ်ပြန်မီ အစောပိုင်းရက်များအတွင်း ထုတ်ပြန်ထားခဲ့ပါတယ်။ ရွေးကောက်ပွဲ တရားဝင်မဲရလဒ်တွေ မထုတ်ပြန်မီ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က Jemaah Ansharut Daulah (JAD) အုပ်စုနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွအဖြစ် သံသယရှိသူ ၃၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ JAD အုပ်စုက အိုင်အက်စစ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အင်ဒိုနီးရှားရှိ အကြီးဆုံး အစွးန်ရောက်အုပ်စုလည်း ဖြစ်ပါတယ်။

(ရွေးကောက်ပွဲတာဝန်ကျဝန်ထမ်းများ) (Photo: Adi Weda/EPA)

အင်ဒိုနီးရှားရွေးကောက်ပွဲမှာ ရှုံးနိမ့်သူအနေနဲ့ မဲရလဒ်တွေကို မကျေနပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ပြီး ထိုသို့ မကျေနပ်ကြောင်း ဦးတိုက်လျှောက်ထားမှုမရှိပါက ကော်မရှင်က ရွေးကောက်ပွဲအနိုင်ရသူကို မေ ၂၈ ရက်မှာ တရားဝင် ကြေညာသွားမယ်လို့လည်း သိရပါတယ်။

အင်ဒိုနီးရှားရွေးကောက်ပွဲမှာ သမ္မတရာထူးမှ လွှတ်တော်အမတ်အထိဖြစ်တဲ့ နေရာတွေအတွက် စံချိန်တင် ကိုယ်စားလှယ်လောင်း အရေအတွက် ၂၄၅,၀၀၀ က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၉၃ သန်းနီးပါးရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၈၀၀,၀၀၀ ခန့်နဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲ တာဝန်ကျဝန်ထမ်း ၆ သန်းကျော်ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ပင်ပန်းမှုဒဏ်ကြောင့် တာဝန်ကျဝန်ထမ်း ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က