သင်္ဘောကပ္ပတိန်ရဲ့ သွေးအတွင်း အရက်ပမာဏဟာ ကန်သတ်ချက်ထက် သုံးဆနီးပါး ပိုများနေပါတယ်။

အရက်မူးနေတဲ့ ကပ္ပတိန် ပဲ့ကိုင်ခုတ်မောင်းလာတဲ့ ရုရှားကုန်တင်သင်္ဘောတစ်စီးက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ဆိပ်ကမ်းအနီးရှိ တံတားတစ်စင်းကို ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) မွန်းလွဲပိုင်းမှာ အဆိုပါဖြစ်ရပ်အတွင်း တံတားပျက်စီးမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ တန်ချိန် ၆,၀၀၀ နီးပါးရှိ ကုန်တင်သင်္ဘောကို တံတားကိုဝင်တိုက်ခဲ့စဉ်မှာ သင်္ဘောကပ္ပတိန်ဟာ အရက်မူးနေခဲ့တယ်လို့ တောင်ကိုရီးယားသတင်းဌာန Yonhap က ပြောပါတယ်။



ထိုဖြစ်ရပ်အပြီးမှာ သင်္ဘောကပ္ပတိန်ကို ထိန်းသိမ်းခဲ့ပါတယ်။ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ အဆိုအရ ရုရှားကုန်တင်သင်္ဘောရဲ့ ကပ္ပတိန်ကို သွေးအတွင်း အရက်ပမာဏပါဝင်မှု စစ်ဆေးခဲ့ရာ ဝ.၀၈၆ ရာခိုင်နှုန်း ရှိနေခဲ့ကြောင်းနဲ့ ထိုပမာဏဟာ ကန့်သတ်ထားတဲ့ ဝ.၀၃ ရာခိုင်နှုန်းထက် သုံးဆနီးပါးအထိ ပိုများနေခဲ့ကြောင်း သိရပါတယ်။

(Photo: FoxNews)

တံတားကိုဝင်တိုက်ခဲ့တဲ့ ကုန်တင်သင်္ဘောဟာ ဘူဆန်ဆိပ်ကမ်းမှ ရုရှားနိုင်ငံ ladivostok မြို့သို့ ခုတ်မောင်းသွားစဉ် ညနေ ၄ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ ဘူဆန်မြို့ရှိ Gwangan တံတားကို ဝင်တိုက်ခဲ့ပြီး တံတားလက်ရန်းနေရာများ ပျက်စီးမှုဖြစ်ခဲ့ပါတယ်။ ထို့နောက် ကုန်တင်သင်္ဘောက နောက်ပြန်လှည့်ပြီး ခုတ်မောင်းသွားခဲ့တယ်လို့ Yonhap က ပြောပါတယ်။

အဆိုပါ ကုန်တင်သင်္ဘောဟာ Gwangan တံတားနဲ့ ဆန့်ကျင်ဘက်အရပ်ကို ခုတ်မောင်းသွားရမှာ ဖြစ်ပေမဲ့ တံတားဆီသို့ ဦးတည်ခုတ်မောင်းလာခဲ့မှု အကြောင်းရင်းကို တောင်ကိုရီးယား အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။ ထိန်းသိမ်းထားတဲ့ ရုရှားသင်္ဘောကပ္ပတိန်ရဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။



အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုအရ ကုန်တင်သင်္ဘောဟာ ကားများဖြတ်သန်းသွားလာနေတဲ့ တံတားကို တည့်တည့်ဝင်တိုက်ခဲ့တာ တွေ့ရပါတယ်။ သင်္ဘောဝင်တိုက်မှုဖြစ်ပြီးနောက် တံတားရဲ့အောက်ဘက်ပိုင်းကို ကြိုတင်ကာကွယ်မှုအဖြစ် ပိတ်ထားခဲ့ပြီး လာမယ့် တနင်္ဂနွေနေ့ (မတ်လ ၃ ရက်) အထိ ဆက်လက် ပိတ်ထားမယ်လို့ Yonhap သတင်းဌာနက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က