အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ အသက် ၁၄ နှစ်အရွယ် ရူဘင်နာဗာရတ်တီ အမည်ရှိ ယောက်ျားလေးတစ်ဦးဟာ အနောက်ဘက်မှ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းလာနေတဲ့ တောမီးလောင်မှုကြီးကနေ လွတ်မြောက်ရန် မတ်စောက်ကျဥ်းမြောင်းတဲ့ လမ်းမပေါ်မှာ ကားမောင်းထွက်ပြေးရင်း ကားတစ်စီးကို မည်သို့ မောင်းနှင်ရမလဲဆိုတာ သင်ယူတတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)
ရူဘင်အတွက် ကားမောင်းထွက်ပြေးရတာက မှားလို့မရပါဘူး။ အနောက်ကနေ လိုက်ပါလာတဲ့ မီးတောက်ကြီးနဲ့ လမ်းဘေးမှာရှိနေတဲ့ မတ်စောက်တဲ့ ချောက်ကမ်းပါးကို လစ်လျူရှုပြီး ကားကိုပဲ အာရုံစိုက် မောင်းခဲ့ရတာပါ။ ရူဘင်က သူ့ရဲ့ဦးလေး ဂျိုရှူအာစမစ်သ်နဲ့ ဦးလေးရဲ့ဇနီး ဂျမီးတို့နဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ် ဖရက်စနိုကောင်တီရှိ Cold Springs Rancheria မှာ နေထိုင်ပါတယ်။
ထိုနေရာဟာ Creek Fire တောမီးအန္တရာယ်ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာ ၁၀ ရက် ညပိုင်းအထိ Creek Fire တောမီးက ကယ်လီဖိုးနီးယားအလယ်ပိုင်းရှိ Sierra သစ်တောရဲ့ တောင်စောင်းတွေမှာ မြေဧက ၁၇၅,၀၀၀ ကျော်ကို လောင်ကျွမ်းသွားခဲ့ကြောင်း Cal Fire မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
(Photo: AFP)
ရူဘင်တို့ မိသားစုဟာ ရွှေ့ပြောင်းရနိုင်ခြေရှိမှုအတွက် ပြင်ဆင်ချိန် နှစ်ရက်ရခဲ့ပြီး ထိုနှစ်ရက်အတွင်း သူ့ရဲ့ ဦးလေးနဲ့အဒေါ်က ကားမောင်းနှင်တတ်ရန် အခြေခံနည်းလမ်းအချို့ကို ပြသပေးခဲ့ပါတယ်။ ကားမောင်းတာက ဗီဒီယိုဂိမ်းတစ်ခုလိုပဲလို့ ဦးလေးဖြစ်သူက သူ့ကို ပြောခဲ့ကြောင်း ရူဘင်က ဆိုပါတယ်။ ရူဘင်ရဲ့ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမ သုံးဦးကတော့ ကလေးငယ်အရွယ်တွေ ဖြစ်ပါတယ်။
(Photo: AFP)
"ကျွန်တော် ကားမောင်းရတော့မယ်ဆိုတော့ တစ်ကယ်ကို စိတ်လှုပ်ရှားပြီး ကြောက်နေခဲ့တယ်ဗျ၊ မီးတောက်တွေက ကျွန်တော်တို့ ကားတန်းရဲ့ အနောက်ဘက်မှာ ကူးစက်လောင်နေခဲ့တယ်လေ၊ ကျွန်တော် မီးတောက်တွေကို မကြည့်ချင်ခဲ့ဘူး၊ ဘာလို့ဆိုတော့ ကျွန်တော် အရမ်း အာရုံစိုက်ထားခဲ့တယ်၊ ကားမှောက်မှာ ဒါမှဟုတ် တစ်ခုခု မဖြစ်အောင်လို့လေ" လို့ ရူဘင်က Clovis မြို့ရှိ ဟိုတယ်တစ်ခုသို့ ဘေးအန္တရာယ်ကင်းကင်း ရောက်ရှိခဲ့ပြီးနောက် AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ရူဘင်ဟာ တောမီးအန္တရာယ်ကနေလွတ်ရန် မိုင် ၂၀ ခန့်ရှိတဲ့ ခရီးကို မောင်းနှင်ရင်းနဲ့ပင် ကားမောင်း သင်ယူတတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။