အီလွန်မတ်စ်ရဲ့ Tesla ဟာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား EV ထုတ်လုပ်သူ မဟုတ်တော့ပါဘူး။
Nikkei Asia သတင်းအရ ပြိုင်ဘက်တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ဟာ ကမ္ဘာ့လျှပ်စစ်ကားထုတ်လုပ်မှုမှာ ထိပ်ဆုံးက ရပ်တည်လာခဲ့ပြီး Tesla က ဒုတိယဖြစ်သွားပြီလို့ ဆိုပါတယ်။ ၂၀၂၂ ပထမနှစ်ဝက်အတွင်း Tesla ဟာ လျှပ်စစ်ကားအစီးရေ ၅၆၄၀၀၀ ဝန်းကျင် ရောင်းချခဲ့တယ်လို့ Nikkei Asia သတင်းက ဖော်ပြပါတယ်။ တရုတ် BYD ကားကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်ဝက်နဲ့ စာရင် လျှပ်စစ်ကားရောင်းအား ၃၁၄.၉% တိုးတက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ပထမ ၆ လအတွင်း ကားသစ် ၆၄၁၃၅၀ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo: businessinsider
ရှန်းကျန့်အခြေစိုက် BYD ရဲ့ ပထမနှစ်ဝက် လျှပ်စစ်ယာဉ်ရောင်းအားထဲက တစ်ဝက်ခန့် (အစီးရေ ၃၂၃၅၁၉ စီး) ဟာ ဘက်ထရီလျှပ်စစ်ယာဉ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ BYD ဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဘီလျံနာကြီးတစ်ဦးဖြစ်တဲ့ ဝါရင်ဘတ်ဖတ်ရဲ့ Berkshire Hathaway လုပ်ငန်းစုကနေ ရင်းနှီးမြှပ်နှံမှု ထည့်ဝင်ထားတဲ့ ကားလုပ်ငန်းလည်း ဖြစ်ပါတယ်။ BYD ရဲ့ ရှယ်ယာဟာ ဇန်နဝါရီလကစပြီး ၃၆% အထိ တိုးတက်လာခဲ့သလို ဈေးကွက်တန်ဖိုးအနေနဲ့လည်း ယွမ် ၁ ထရီလီယံ ( ဒေါ်လာ ၁၄၉ ဘီလျံဝန်းကျင်) တန်တဲ့ လုပ်ငန်း ဖြစ်လာပါတယ်။
၂၀၂၂ ဒုတိယသုံးလပတ်အတွင်း Tesla ကားကုမ္ပဏီဟာ စုစုပေါင်း ကားအစီးရေ ၂၅၈၅၈၀ ထုတ်လုပ်ခဲ့ပြီး ကားအစီးရေ ၂၅၄၆၉၅ စီး တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒုတိယသုံးလပတ်အတွင်း Tesla ဟာ ကားအစီးရေ ၂၀၁၂၅၀ စီး တင်ပို့နိုင်ခဲ့တာကြောင့် ဒီနှစ် ဒုတိယသုံးလပတ်မှာ အစီးရေ ၅ သောင်းကျော် ပိုပြီး တင်ပို့နိုင်ခဲ့တာပါ။ ၂၀၂၂ ပထမသုံးလပတ်မှာ Tesla ကနေ ကားအစီးရေ ၃၁၀၀၄၈ စီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
Photo: Business Insider
ကိုဗစ်ကာလ Lockdown သတ်မှတ်ချက်တွေကြောင့် ရှန်ဟိုင်းမှာ ရှိတဲ့ Tesla ရဲ့ Gigafactory ကားစက်ရုံဟာ ရက်သတ္တပတ်အတန်ကြာအောင် စက်ရုံပိတ်ရတာ/ တစ်စိတ်တစ်ပိုင်းပဲ လည်ပတ်နိုင်တာ လုပ်ခဲ့ရပါတယ်။ မေလထဲမှာ Tesal ရှန်ဟိုင်းကားစက်ရုံ ၂၂ ရက်ကြာ ပိတ်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့နှစ် Tesla ကမ္ဘာ့ကားထုတ်လုပ်မှုရဲ့ တစ်ဝက်ကို တာဝန်ယူနေတဲ့ Tesla Shanghai Gigafactory 3 ဟာ ဒုတိယသုံးလပတ်အတွင်း ထုတ်လုပ်မှု သိသိသာသာ နှေးကွေးသွားခဲ့တာပါ။
COVID-19 ထိန်းချုပ်ရေးအတွက် ရှန်ဟိုင်းမှာ အသွားအလာကန့်သတ်ပိတ်ပင်မှုတွေကြောင့် Tesla အပါအဝင် Nio ၊ Li Auto နဲ့ Xpeng စတဲ့ လျှပ်စစ်ယာဉ်ထုတ်လုပ်သူတွေလည်း ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။