• သံဓာတ်ချို့တဲ့တဲ့ ကလေးငယ်တွေရဲ့ လက္ခဏာရပ်တွေနဲ့ နောက်ဆက်တွဲရောဂါများ

သံဓာတ်ချို့တဲ့တဲ့ ကလေးငယ်တွေမှာ ဒီလိုလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်သည်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေမှာ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ အဖြစ်များတယ်လို့ ပညာရှင်တွေရဲ့ ပြောကြားချက်အရသိရပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်တွေမှာ မိခင်ကိုယ်တိုင်က သံဓာတ်ချို့တဲ့နေတာကြောင့် ကလေးတွေအပေါ် သက်ရောက်မှုဖြစ်တာမျိုးတွေပါ။ 

ကလေးငယ်တွေမှာ သံဓာတ်ချို့တဲ့မှုဖြစ်လာပြီဆိုရင် ဘယ်လိုဆိုးကျိုးလက္ခဏာတွေ ဖြစ်ပေါ်စေနိုင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 


image
သွေးအားနည်းရောဂါဖြစ်ခြင်း 


ဒါကတော့ ကလေးငယ်မှာ သံဓာတ်ချို့တဲ့ပြီဆိုရင် အားလုံးသိကြတဲ့အတိုင်း အဆိုးဆုံးအခြေအနေတစ်ခုဖြစ်တဲ့ သွေးအားနည်းရောဂါဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဒီရောဂါဟာ ကလေးတွေမှာဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ကလေးရဲ့ ကြီးထွားမှုနှုန်းတွေ ၊ သင်ယူမှုတွေကိုပါ ဖျက်ဆီးပစ်နိုင်ပါတယ်။ သွေးအားနည်းရောဂါဖြစ်လာပြီဆိုရင် သိသိချင်းစောစီးစွာ သုံးလ ဒါမှမဟုတ် ခြောက်လ ဆေးသောက်ပြီး ကုသလို့ရနိုင်ပါတယ်။ 


ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း 


သံဓာတ်ချို့တဲ့တဲ့ ကလေးငယ်တွေမှာ အမြဲလိုလိုဖြူဖတ်ဖြူလျော်လေးဖြစ်နေတတ်ပါတယ်။ မျက်လုံးအတွင်းသားတွေဖြူလျော်နေခြင်း ၊ နှုတ်ခမ်းတွေ ဖြူဖျော့နေခြင်း ၊ လက်ဖဝါးတွေ ဖြူဖတ်ဖြူလျော်ဖြစ်နေခြင်း စတာတွေက ကလေးဟာ သံဓာတ်ချို့တဲ့နေကြောင်း ပြသနေတဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။ 


တခြားကလေးတွေနဲ့ တန်းတူမဆော့နိုင်ခြင်း 


ကလေးဆိုတဲ့ သဘာဝအရ ပြေးလွှားဆော့ကစားရမှာဖြစ်ပေမယ့်လည်း သံဓာတ်ချို့တဲ့နေတဲ့ ကလေးငယ်တွေမှာ အမြဲလိုလို မောနေတတ်တဲ့အတွက်ကြောင့် တခြားကလေးတွေနဲ့ တန်းတူဆော့ကစားနိုင်ခြင်း မရှိနိုင်တော့ပါ။ 


ကြီးထွားမှုနှောင့်နှေးခြင်း 


သံဓာတ်ချို့တဲ့တဲ့ ကလေးငယ်တွေဟာ ကြီးထွားမှုနှုန်းလည်း နှောင့်နှေးနေတတ်ပါတယ်။ ဒါ့ကြောင့် တချို့ သံဓာတ်ချို့တဲ့ကလေးငယ်တွေဟာ ရွယ်တူကလေးတွေထက် သေးကွေးနေတာမျိုးတွေ ဖြစ်နေကြတာဖြစ်ပါတယ်။ ကြီးထွားမှုမှာတင်မက ဉာဏ်ရည်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း ထိခိုက်သွားတတ်ပါတယ်။ 


ဒါ့ကြောင့်မို့ ကိုယ့်ရဲ့ ကလေးငယ်ကို သံဓာတ်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးချင်တယ်ဆိုရင်တော့ မိခင်ကိုယ်တိုင်က ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်တွေမှာ အာဟာရပြည့်ဝစွာ စားသောက်နေထိုင်ဖို့ အရေးကြီးပါတယ်။ ကလေး အစာစားနိုင်ချိန်ရောက်လာရင်လည်း ကလေးကို သံဓာတ်ဖြည့်စွက်ထားတဲ့ ကွေကာ၊ သောက်စရာတွေ၊အသား၊ကြက်ဥအနှစ်၊  ပဲ တို့ ပါဝင်အောင် အာဟာရပြည့်ဝစုံလင်စွာ ကျွေးမွေးမယ်ဆိုရင်  အာဟာရပြည့်ဝပြီး သံဓာတ်လည်း ပြည့်ဝတဲ့ ကလေးငယ်ဖြစ်သွားမှာ အသေအချာပါပဲ။ 

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Health Talk အစီအစဉ်မှ ကျန်းမာရေးဆရာဝန် ဒေါက်တာမြတ်သီရိမောင်ရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က