ဒီတစ်ပတ်ရဲ့ လူစာရင်းအပြောင်းအလဲကတော့ Dota2 ပရိသတ်အများအပြားကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပါတယ်။
DOTA2 PRO SCENE ထဲကိုပြန်လည်ဝင်ရောက်လာတဲ့ TEAM SINGULARITY
Dota2 ပရော်ဖက်ရှင်နယ်အသင်းတွေထဲကမှ Tier 2 အသင်းတွေရဲ့ လူစာရင်းမတည်ငြိမ်မှုတွေဟာ မြင်တွေ့နေကျဖြစ်လို့ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့တောင် ဆိုနိုင်ပါတယ်။ ဒီတစ်ခါမှာလည်း ဥရောပအခြေစိုက် အသင်းတစ်သင်းဖြစ်တဲ့ Team Singularity က လာမယ့် DPC Season မှာ တိုက်ပွဲဝင်မယ့် သူတို့ရဲ့လူစာရင်းကို ထုတ်ပြန်လိုက်ပြန်ပါပြီ။
အရင်မအောင်မြင်ခဲ့တဲ့အသင်းထဲက အတွေ့အကြုံအများဆုံးကစားသမားဖြစ်တဲ့ Xcaliber တစ်ယောက်ကိုသာ ချန်ခဲ့ပြီး အခြားကစားသမားတွေကို ခေါ်ယူဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ Dota2 ပြိုင်ပွဲတွေကို မျက်ခြေမပြတ် စောင့်ကြည့်တတ်သူတွေအတွက်တော့ အသစ်ခေါ်ယူလိုက်တဲ့ ကစားသမားတွေကို မြင်ဖူးနေပါလိမ့်မယ်။
လက်ရှိ Team Singularity ရဲ့ကစားသမားစာရင်းကတော့ -
1. Xcaliber
2. MagE-
3. SabeRLight
4. dnz
5. Peksu တို့ပဲဖြစ်ပါတယ်။
အစားဝင်လာတဲ့ ၄ ယောက်က ပြိုင်ပွဲကြီးအတွေ့အကြုံ နည်းတယ်ဆိုပေမယ့် ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ရပ်တည်လာတာ အချိန်တစ်ခုတော့ ရှိခဲ့ပါပြီ။ ဒါ့အပြင် တစ်ဦးချင်းစီစွမ်းရည်ဟာလည်း ကောင်းမွန်တယ်လို့ဆိုနိုင်တာကြောင့် အကယ်၍များ သူတို့ကိုသာ Coach ကောင်းကောင်းနဲ့ အချိန်ပေးပြီး လေ့ကျင့်ခိုင်းမယ်ဆိုရင်တော့ စောင့်ကြည့်ရမယ့်အသင်းတစ်သင်းဖြစ်လာမှာပါ။ အဲဒီလိုမှမဟုတ်ရင်တော့ ပုံမှန် Tier 2 အသင်းတွေ ချုပ်လေ့ရှိတဲ့နိဂုံးအတိုင်း ချုပ်ငြိမ်းသွားဖို့ ရာခိုင်နှုန်းတော်တော်များပါလိမ့်မယ်။
ထင်မှတ်မထားခဲ့တဲ့အပြောင်းအလဲကို ပြုလုပ်လိုက်တဲ့ EVIL GENIUSES
လက်ရှိ Dota2 ပရိသတ်တွေအကြားမှာ လူမေးအများဆုံးမေးခွန်းကတော့ EG ကလူစာရင်းအသစ်နဲ့ အလုပ်ဖြစ်ပါ့မလား၊ Sumail ကရော ဘယ်အသင်းကိုသွားမှာလဲ စတဲ့မေးခွန်းတွေပဲဖြစ်ပါလိမ့်မယ်။ All Star အသင်းလိုဖြစ်နေတဲ့ EG ဟာ တစ်နှစ်ကျော် အချိန်ပေးခဲ့တာတောင် TI9 မှာ အဆင့် ၆ နေရာသာ ရရှိခဲ့တဲ့အတွက် ဒီလိုအပြောင်းအလဲတွေ ဖြစ်လာခဲ့တာပါ။
ပြိုင်ပွဲတော်တော်များများမှာ တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေတဲ့ Offlaner s4 ကို အသင်းမှထုတ်ပယ်ခဲ့တယ်လို့ သံယဖြစ်ဖွယ်ရာရှိပြီး အသင်းနဲ့တစ်သားတည်းတွဲမြင်ကြတဲ့ Sumail ကတော့ ကိုယ်တိုင်ထွက်ခွာခဲ့တယ်လို့ ထင်မြင်ဖွယ်ရာရှိပါတယ်။ တကယ်တမ်း ကိုယ့်လမ်းကိုဆက်လျှောက်တော့မယ်ဆိုရင်တော့ အသင်းကထုတ်ပယ်ခံရတာတွေ၊ ထွက်လာတာတွေက အရေးမကြီးတော့ပါဘူး။ ရှေ့လျှောက် ရလာမယ့်ရလဒ်တွေကသာ အဓိကကျပါတယ်။
ပထမဦးဆုံးပြောချင်တာကတော့ EG ကိုအစားထိုးဝင်ရောက်လာတဲ့ လူသစ်နှစ်ယောက်ပါ။ s4 နေရာကို အစားဝင်လာတာက RAMZES666 ၊ ကမ္ဘာ့အကောင်းဆုံး Carry တစ်ယောက်အဖြစ် လူသိများတဲ့ RAMZES666 တစ်ယောက် Role အသစ်နဲ့ အံခွင်ဝင်ကျမှ ဖြစ်ပါ့မလားဆိုတာ တော်တော်လေးဖြေရခက်တဲ့မေးခွန်းပါ။ ကစားသမားဘဝတစ်ခုလုံးကို Greedy Core တစ်ယောက်အဖြစ်နဲ့ဖြတ်သန်းလာပြီးမှ Offlane လိုအနေအစားမချောင်တဲ့ Role မျိုးမှာ အံဝင်ဖို့ကတော့ မလွယ်လှပါဘူး။ အစကတည်းက Talented Player ဆိုတော့ ဒီအခက်အခဲကို RAMZES666 အနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
နောက်တစ်ယောက်ကတော့ Fnatic ကနေ ပြောင်းလာတဲ့ Abed ပါ။ Abed အတွက်တော့ ဒါဟာ အမေရိကန်မြေပေါ်မှာ ဒုတိယအကြိမ်အခြေချခြင်းပါပဲ။ Abed လိုလက်စွမ်းကောင်းတဲ့သူအတွက် EG လိုအသင်းမျိုးမှာနေရာရတာဟာ ထိုက်တန်တယ်ဆိုပေမယ့် ပြဿနာကတော့ ရှိနေပါသေးတယ်။ အဲဒါကတော့ Abed ကိုယ်တိုင်က Greedy Core တစ်ယောက်ဖြစ်နေတာပါပဲ။ EG မှာက Carry ဖြစ်တဲ့ Arteezy ကလည်း Greedy ဖြစ်တယ်၊ နောက်ရောက်လာတဲ့ ၂ ယောက်ကလည်း Greedy ဖြစ်နေတယ်ဆိုရင်တော့ တကယ်ကစားတဲ့အခါမှာ ပြဿနာတတ်ပါပြီ။ ဒီလိုအချိန်မှာ Coach ရဲ့အခန်းကဏ္ဍကအရေးပါလာပါပြီ။ Coach သာ ပါးပါးနပ်နပ်ပရိယာယ်ကောင်းကောင်းနဲ့ နေရာခွဲဝေမှု၊ ကစားကွက် စတာတွေကို အသေအချာစီစဉ်နိုင်မယ်ဆိုရင်တော့ EG ဟာ ထိပ်တန်းအသင်းတစ်သင်းဖြစ်နေဦးမှာပါပဲ။
လူတွေကတော့ EG Line up အသစ်ထက် Sumail ဘယ်အသင်းကိုရောက်မလဲဆိုတာ ပိုစိတ်ဝင်စားကြပါတယ်။ လက်ရှိအချိန်မှာတော့ သူ့အစ်ကို Yawar တို့နဲ့ပေါင်းမယ်၊ OG ရောက်မယ်၊ Liquid ရောက်မယ် စတဲ့ ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။ Valve ရဲ့စည်းမျဉ်းအရ လူစာရင်းအပြောင်းအလဲလုပ်ချိန်က စက်တင်ဘာ ၂၆ ရက်နေ့အထိပဲဆိုတော့ ဘယ်သတင်းကအမှန်ဖြစ်မလဲဆိုတာ မကြာခင်သိရတော့မှာပဲဖြစ်ပါတယ်။
ကစားသမားသုံးဦးအထိ အပြောင်းအလဲလုပ်ခဲ့တဲ့ GEEKFAM
Geekfam ကတော့ မနှစ်ကအောင်မြင်မှုမရခဲ့တဲ့ Line Up ထဲက ကစားသမား ၂ ဦးကိုသာ အသင်းမှာ ဆက်လက်ထားရှိကာ အသင်းကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ အသင်းမှာ ကျန်ရှိနေတဲ့ကစားသမား ၂ ဦးကတော့ Raven နဲ့ Xepher ပါ။
Raven တစ်ယောက်ကတော့ သူဟာ SEA Region ရဲ့အကောင်းဆုံး Carry ကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာ TNC မှာကတည်းက အကြိမ်ကြိမ်သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ Xepher ကလည်း လူသိပ်မသိပေမယ့် အတွေ့အကြုံကောင်းကောင်းရှိတဲ့ ကစားသမားတစ်ဦးပါပဲ။ သူတို့နဲ့အတူ တိုက်ပွဲဝင်သွားမယ့်သူတွေကတော့ Kuku, Ryoya နဲ့ Dubu တို့ပဲဖြစ်ပါတယ်။
TNC ကနေထွက်ခွာလာတဲ့ Kuku တစ်ယောက်ကတော့ နောက်အသင်းအသစ်မှာ သူ့ရဲ့မူလ Role ဖြစ်တဲ့ Mid မှာ ပြန်လည်ကစားမယ်လို့ ကောလာဟလတွေထွက်နေခဲ့ပေမယ့်လည်း လက်ရှိမှာတော့ Position 3 Offlane မှာပဲ ဆက်လက်ကစားသွားတော့မှာပါ။ Mid ကိုတော့ North America Region မှာ အသင်းပေါင်းစုံအောင် ကစားခဲ့ဖူးတဲ့ Ryoya နဲ့ပြန်လည်အားဖြည့်ထားပါတယ်။ Ryoya ဟာ လက်ရှိ American Leaderboard မှာ MMR 8778 နဲ့ အဆင့် ၅ နေရာမှာရှိနေတဲ့ကစားသမားပါ။ တစ်ကိုယ်တော်စွမ်းရည်ကတော့ တော်တော်ကြီးကိုကောင်းမွန်တယ်ဆိုပေမယ့် SEA ကစားသမားတွေနဲ့ အံခွင်ဝင်ကျဖြစ်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။
နောက်ဆုံးတစ်ယောက်တော့ ကိုရီးယားနိုင်ငံသား Dubu ပါ။ Dubu ကတော့ ပြီးခဲ့တဲ့ TI မှာ Fnatic ရဲ့ Position 5 Support အဖြစ်ကစားခဲ့တာကြောင့် လူသိကြမှာပါ။ အဲဒီမတိုင်ခင်ကလည်း Fnatic မှာ Coach အဖြစ်တာဝန်ယူခဲ့ပါသေးတယ်။ Dubu ကတော့ America Region မှာရော SEA Region မှာပါ အတွေ့အကြုံတော်တော်များများရှိတဲ့ ကစားသမားတစ်ဦးပါ။ သူ့အတွေ့အကြုံတွေက Geekfam ကိုဘယ်လောက်ထိခေါ်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
Share