• Featured

    သင်္ကြန်ပိတ်ရက်ရှည်ကို အကျိုးရှိရှိ ဘယ်လိုဖြတ်သန်းကြမလဲ

ဒီအချိန်က ကိုယ့်ကိုယ်ကို တည်ဆောက်ယူဖို့ အကောင်းဆုံးပါပဲ။

သင်္ကြန်ပိတ်ရက်ရှည်ဟာ နှစ်တစ်နှစ်မှာ အားလုံးအတွက် စိတ်ရောကိုယ်ပါ အနားအရဆုံးအချိန်ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်ထဲမှာပဲ ကုန်ဆုံးကြတဲ့ နှစ်တွေမှာပေါ့။ ဒီလိုအချိန်ကို အလဟဿမဖြစ်စေဘဲ အကျိုးရှိရှိ ဘယ်လိုဖြတ်သန်းသင့်သလဲဆိုတာ နည်းလမ်းလေးတွေကို Talk With Me မှ Founder ကိုမျိုးမင်းသူက အခုလို အကြံပြုမျှဝေထားပါတယ်။

(၁) ကိုယ့်ကိုယ်ကို ရှာဖွေပါ။

ကိုယ့်ကိုယ်ကို ရှာဖွေလို့ရမယ့် အလုပ်လေးတွေကို ကြိုးစားလုပ်ကြည့်သင့်ပါတယ်။ လူတော်တော်များများဟာ ဒီလို ခက်ခဲတဲ့ အခြေအနေတစ်ခုမှာ အချိန်ကာလအများကြီး စိတ်ပင်ပန်း လူပင်ပန်းတွေ ဖြစ်ခဲ့ရတာ မလွဲပါပဲ။ အားလုံးအတူတကွ ပြဿနာတွေ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေလည်းဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်မို့ အခုလို ပိတ်ရက်ရှည်ကာလလေးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်အမှတ်ရစေတဲ့ အရာလေးတွေ လုပ်ဖို့ အကြံပြုလိုပါတယ်။ ဥပမာ- ကိုယ်က အပင်စိုက်တာ ကြိုက်တဲ့သူဆိုပါက ကိုယ်ကြိုက်နှစ်သက်တဲ့ အပင်လေးတွေကို ဒီကာလမှာ စိုက်ကြည့်တာမျိုး၊ ပန်းအိုးလေးတွေ လဲတာမျိုး စတဲ့ အရာလေးတွေ လုပ်သင့်ပါတယ်။

image

ဓာတ်ပုံ - Freepik

(၂) ကြိုက်နှစ်သက်တဲ့ အစားအသောက်လေးတွေကို ကိုယ်တိုင်လုပ်စားကြည့်ပါ။

လူတိုင်းက နေ့တဓူဝမှာ အစားအသောက်နဲ့မကင်းပါဘူး။ ဒါပေမယ့် အလုပ်တွေ မအားလပ်တဲ့အချိန်မှာ အမြဲတမ်းတော့ ကိုယ်နှစ်သက်တဲ့ အစားအသောက်မျိုးမစားဖြစ်တာများပါတယ်။ အခုလို ပိတ်ရက်ရှည်ကာလမှာ ကိုယ့်ကိုယ်ကို ပြန်ပြီး အနားပေးတာ၊ ဆုချတာမျိုးအနေနဲ့ ကိုယ်နှစ်သက်တဲ့အစားအသောက်တွေကို ကိုယ်တိုင်ကြိုးစားလုပ်စားကြည့်သင့်ပါတယ်။

(၃) သူငယ်ချင်းများနဲ့ အပန်းဖြေပါ။

ကိုယ်က သူငယ်ချင်းတွေနဲ့ စကားပြောရတာ အပန်းဖြေရတာ ကြိုက်တဲ့သူတစ်ယောက်ဆိုရင်တော့ ပိတ်ရက်ရှည်မှာ ကိုယ်နဲ့ စိတ်တူကိုယ်တူပေါင်းတဲ့ သူငယ်ချင်းတွေနဲ့ အတူတူဖြတ်သန်းနိုင်ဖို့ အခုကတည်းက ကြိုတင်စီစဥ်ထားသင့်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူ မုန့်တွေအတူစားတာ၊ ရုပ်ရှင်တွေ အတူတူကြည့်တာ၊ Staycation သွားတာ စတဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့နည်းလမ်းနဲ့ သူငယ်ချင်းတွေနဲ့ အတူတူ အပန်းဖြေလို့ရပါတယ်။

ဓာတ်ပုံ - Freepik

(၄) ဘာသာရေးလေ့လာလိုက်စားပါ။

ကိုယ်က အလုပ်တွေများလို့ ဘာသာရေး အလုပ်တွေ မလုပ်ဖြစ်ဘူးဆိုရင် ဒီလို သင်္ကြန်ပိတ်ရက်ရှည်မှာ ဘာသာရေး အလုပ်တွေ လုပ်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။ မိမိယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် တရားထိုင်တာ၊ ရွတ်ဖတ်သရဇ္စျာယ်ရင်းနဲ့ နှစ်သစ်ရဲ့ အစကို ဖြတ်သန်းတာကလည်း ပိတ်ရက်ရှည်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချတဲ့ နည်းလမ်းတစ်ခုပါပဲ။

 (၅) ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ် ပြုပြင်ပါ။

နံပါတ်တစ်အနေနဲ့ကတော့ ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံးမှာ မိမိဘာတွေကောင်းခဲ့သလဲ၊ ဆိုးခဲ့သလဲဆိုတာကို ပြန်လည်သုံးသပ်ပြီးကိုယ့်ကိုယ်ကို သိနေဖို့ လိုပါတယ်။ အားနည်းချက်တွေကို ပြုပြင်ပြင်ဆင်ပြီး အားသာချက်တွေကို ဘယ်လိုဆက်ထိန်းသိမ်းသွားမလဲဆိုတာကို သိဖို့ လိုအပ်ပါတယ်။ ကိုယ့် လိုအပ်ချက်တွေကို တကယ်သိပြီး ရှေ့ဆက်ရမယ့် တစ်နှစ်မှာ ဘယ်လိုပြုပြင်ပြောင်းလဲသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အမှန်တကယ်ချပြီး အဲဒီအတိုင်းဆက်လုပ်ရမှာဖြစ်ပါတယ်။

(၆) အနာဂတ်ကို တွေးတောပြင်ဆင်ပါ။

သင်္ကြန်ပိတ်ရက်ရှည်ကတော့ အနာဂတ်ကို ကျိန်းသေပေါက် တွေးတောပြင်ဆင်သင့်တဲ့အချိန်ကာလတစ်ခုပါပဲ။ ရှေ့မှာ ဘယ်လောက်ထိပြင်ဆင်ခဲ့ပါစေ။ မမျှော်လင့်တဲ့အရာတွေကြောင့် ပျက်ပြားခဲ့တာလည်းရှိကောင်းရှိနိုင်ပါတယ်။အများကြီးတွေးတောပြင်ဆင်ထားမှ တော်ကာကျမယ်ဆိုတော့ အနာဂတ်ကိုတွေးပြီး ကြိုတင်ပြင်ဆင်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က