သီတင်းကျွတ် ပိတ်ရက် (၃)ရက်အတွင်း အမြန်လမ်းမှာ စုစုပေါင်း ယာဉ်မတော်တဆမှု (၄) မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄) ဦးရှိခဲ့ပါတယ်။
အောက်တိုဘာလ (၁၉)ရက်နေ့က ယာဉ်မတော်တမှု(၁)ခု၊ (၂၀)ရက်နေ့က တစ်ခုနဲ့ (၂၁)ရက်နေ့က (၂)ခု စုစုပေါင်း (၄)ခုဖြစ်ပွါးခဲ့တာပါ။
အောက်တိုဘာလ (၁၉)ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ ယာဉ်မတော်မှုကြောင့် (၁)ဦးသေဆုံးခဲ့ပြီး (၂၁)ရက်နေ့ကဖြစ်ပွါးခဲ့တဲ့ မတော်တဆမှု တစ်ခုကြောင့် (၃)ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
“ ပိတ်ရက်ကာလဆိုပေမယ့် ဒီ (၃)ရက်အတွင်း အမြန်လမ်းအသုံးပြုသွားလာတဲ့ယာဉ်ကတော့ ပုံမှန်အနေအထားလောက်ပါပဲ။ အခုဖြစ်တဲ့မတော်တဆမှုတွေကလည်း ယာဉ်ကြောကြောင့်ဖြစ်တာမဟုတ်ဘဲ ပုံမှန်ဖြစ်နေကြ အရှိန်မထိန်းနိုင်ဘဲ ဖြစ်တဲ့မတော်တဆမှုတွေပါ။ ဒီ (၃)ရက်မှာ မတော်တဆမှု (၄)ခုဖြစ်တယ်။ သေဆုံးသူ (၄)ဦးရှိတယ်။ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ (၁၉)ရက်နေ့ ဖြစ်တဲ့ မတော်တဆမှုက လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ်ကိုဝင်တိုက်တာ ဆိုင်ကယ်သမားသေသွားတယ်။ (၂၁)ရက်နေ့ ဖြစ်တဲ့ မတော်တဆမှုတစ်ခုက ကားရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်တာ ကားပေါ်ပါ (၃)ဦးလုံးသေတယ်ဆိုတော့ အားလုံး သေဆုံးသူ (၄)ဦး။ ကျန်တဲ့မတော်တဆမှုတွေက ကားထိခိုက်ရုံလောက်ပဲ လူထိခိုက်မှုမရှိဘူးလို့ “ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။
(၃)ဦးသေဆုံးတဲ့ ယာဉ်မတော်တမှု ဖြစ်စဉ်မှာ ယာဥ်မောင်းနှင်တဲ့ သံဃာနဲ့အတူ အမျိုးသမီး (၁)ဦးနဲ့ ကလေးငယ်(၁)ဦးသေဆုံးခဲ့တာပါ။
အမြန်လမ်းမှာ ဆိုင်ကယ်နဲ့ကားနဲ့တိုက်တဲ့ မတော်တဆမှုတွေကလည်း မကြာခဏဖြစ်လေ့ရှိတာကြောင့် အမြန်လမ်း အနီးရှိ ကျေးရွာတွေမှာနေထိုင်တဲ့သူတွေအနေနဲ့ အမြန်လမ်းပေါ်ဆိုင်ကယ်စီးနှင်းသွားလာကြတဲ့အခါ အမြန်နှုန်းနဲ့ မောင်းလာတဲ့ ကားတွေကို သေချာကြည့်ပြီးမှ အသုံးပြုသွားလာကြဖို့ကိုလည်း အဆိုပါရဲအရာရှိမှ အသိပေးပြောကြားခဲ့ပါတယ်။