စမတ်ဖုန်းလောကမှာလည်း နံပါတ်တစ်အဖြစ် ရပ်တည်နေပါ

တောင်ကိုရီးယားကုမ္ပဏီ Samsung ရဲ့ တတိယသုံးလပတ်ဝင်ငွေဟာ အရင်နှစ်ကစံချိန်ကို ကျော်တက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ မှာ Samsung ဟာ တတိယသုံးလပတ်ဝင်ငွေ ကိုရီးယားဝမ် ၆၆.၉၆ ထရီလီယံနဲ့ စံချိန်တင် ဝင်ငွေမြင့်တက်ခဲ့ပါတယ်။ ၂၀၂၁ ကာလတူ တတိယသုံးပတ် (ဇူလိုင်-စက်တင်ဘာ) မှာ Samsung ဟာ ဝင်ငွေ ဝမ် ၇၃.၉၈ ထရီလီယံ (ဒေါ်လာ ၆၃ ဘီလျံခန့်) အထိ ရရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့တယ်လို့ The Verge သတင်းက ဆိုပါတယ်။ ဝင်ငွေအနေနဲ့ ၁၀% ခန့်ပဲ တိုးလာပေမယ့် အမြတ်အစွန်းပိုင်းမှာ အရင်နှစ်ကထက် ၂၆% ပိုတိုးတက်ပြီး ဝမ် ၁၅.၈၂ ထရီလီယံ (ဒေါ်လာ ၁၃ ဘီလျံ) အထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 



Photo: CNBC


ကမ္ဘာတလွှားမှာ chips ပြတ်လပ်မှုတွေ ဖြစ်နေပေမယ့် ဆာဗာတွေကနေ စမတ်ဖုန်းအထိ သွားတဲ့ Samsung ထုတ် memory chips နဲ့ processor တွေဟာ ဝယ်လိုအား မြင့်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အိမ်မှာရော ရုံးမှာပါ တွဲပြီး အလုပ်လုပ်ကြတဲ့ Hybrid Working Culture အပြောင်းအလဲမှာ ကုမ္ပဏီတွေဟာ အရင်ကထက် ဆာဗာတွေထက် SSDs ၊ CPUs နဲ့ RAM တွေ ပိုဝယ်လာကြပါတယ်။

ကုန်ကြမ်းဈေးတွေ နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်လာပေမယ့်လည်း Memory chip တွေ ဈေးတက်လာတာဟာ Samsung အတွက် အမြတ်အစွန်းပိုများလာဖို့ ဖြစ်လာပါတယ်။ Memory ထုတ်လုပ်မှုကဏ္ဍရောင်းအားဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက်စာရင် ၄၆% မြင့်တက်ခဲ့ပြီး Semiconductors ဈေးကွက်အမြတ်ငွေဟာ အရင်နှစ်ကထက် နှစ်ဆနီးပါး ပိုများလာတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် Semiconductor ပိုင်းက ရတဲ့ အမြတ်ငွေဟာ ဝမ် ၅.၅၄ ထရီလီယံ ရှိရာကနေ ဒီနှစ်မှာ ဝမ် ၁၀.၀၆ ထရီလီံယံ (‌ဒေါ်လာ ၈.၅ ဘီလျံဝန်းကျင်) ရှိလာတာပါ။

Photo: Gadgets Now

ကမ္ဘာ့အကြီးဆုံး Smartphone Maker ကြီးလည်း ဖြစ်တဲ့ Samsung ဟာ Foldable ဖုန်းဈေးကွက်မှာ Galaxy Z Flip 3 နဲ့ Galaxy Z Fold 3 တွေ ဝယ်လိုအား တက်လာသလို တန်ဖိုးနည်း-အလတ်တန်းစား Galaxy ဖုန်းတွေလည်း ဝယ်လိုအားရှိနေတယ်လို့ ဆိုပါတယ်။ Samsung ဟာ Apple ထုတ် ဖုန်းသစ်တွေအတွက် OLED display တွေလည်း ထုတ်လုပ်ပေးပြီး လာမယ့် စတုတ္ထလေးလပတ်မှာ မိုဘိုင်း Display ဝင်ငွေ ပိုအားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ 

စမတ်ဖုန်းတွေအပြင် လက်ပ်တော့ ၊ တက်ဘလက်နဲ့ Nintendo ရဲ့ Switch OLED သစ်လို ဂိမ်းစက်တွေမှာလည်း Samsung ထုတ် OLED panel တွေ သုံးနေတာကြောင့် ဝယ်လိုအားမြင့်တက်နေတယ်လို့ ဆိုပါတယ်။ TV ဈေးကွက်အနေနဲ့ ကုမ္ပဏီဟာ တန်ဖိုးကြီး High-End ထုတ်ကုန်တွေကို အာရုံစိုက်နေပြီး Quantum Dot အခြေခံ TV တွေ စတင်ထုတ်လုပ်ဖို့ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က