• သူကြီးဘစီမရှိလို့ ရွာပျက်တဲ့အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရတဲ့ ရီးရဲယ်မက်ဒရစ်

ဘန်ဇီမာဒဏ်ရာရသွားတဲ့နောက် ရီးရဲယ်တိုက်စစ်ပိုင်း အားနည်းသွားတာပါ။
[Zawgyi Version]

ရီးရဲယ်မက်ဒရစ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဗီလာရီးရဲယ်နဲ့ လာလီဂါအဝေးကွင်းပွဲစဥ်မှာ ဂိုးမရှိသရေရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ဒါဟာ ဘန်ဇီမာမရှိတဲ့နောက် ကစားခဲ့တဲ့သုံးပွဲမှာ ဒုတိယမြောက် ဂိုးပေါက်ပျောက်ခဲ့တဲ့ပွဲလည်းဖြစ်ခဲ့ရပြီး အမှတ်ပေးဇယား ဒုတိယနေရာက ဆီဗီလာနဲ့ ရမှတ် (၄) မှတ်သာ ကွာဟပါတော့တယ်။

 

ဘန်ဇီမာဟာ ဇန်နဝါရီ (၂၃) က ကစားခဲ့တဲ့ အယ်လ်ချီနဲ့ အိမ်ကွင်းပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်အထိ အသင်းရဲ့ ပွဲစဥ်တွေကို လွဲချော်နေဆဲဖြစ်ပါတယ်။ ဘန်ဇီမာဒဏ်ရာရပြီးနောက် ရီးရဲယ်မက်ဒရစ် တိုက်စစ်ပိုင်းက သိသိသာသာ အားနည်းသွားခဲ့ပြီး ဘီလ်ဘာအိုကို ဂိုးမသွင်းနိုင်ဘဲ အဝေးကွင်းမှာ ရှုံးနိမ့်ကာ ကိုပါဒယ်ရေးဖလားပွဲက ထွက်လိုက်ရပါတယ်။

 

မနေ့က ဗီလာရီးရဲယ်နဲ့ပွဲမတိုင်ခင် ကစားခဲ့တဲ့ ဂရန်နာဒါနဲ့ အိမ်ကွင်းပွဲမှာလည်း ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး အဆန်စီယိုရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ဗီလာရီးရဲယ်နဲ့ပွဲမှာတင် နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့တာဖြစ်ပြီး ကြားရက်မှာ ပီအက်စ်ဂျီနဲ့ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဥ်အတွက် ရတက်မအေးစရာ ဖြစ်နေခဲ့ပါပြီ။

 

ဗီလာရီးရဲယ်နဲ့ပွဲအတွက် ပွဲထွက်လူစာရင်းမှာလည်း နည်းပြအန်ဆယ်လော့တီက ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတဲ့ ဂါရတ်ဘေးလ်ကို နံပါတ် (၉) နေရာ ထားကစားခဲ့ပြီး တောင်ပံနှစ်ဖက်မှာ ဗီနီရှပ်စ်၊ အဆန်စီယိုတို့နဲ့ တွဲဖက် ပွဲထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂိုးရဖို့ လိုအပ်လာတဲ့ ရီးရဲယ်မက်ဒရစ်တို့ ဟာဇက်၊ ဂျိုဗစ်၊ ရိုဒရီဂိုတို့ကို ထည့်သွင်း တိုက်စစ်မြှင့်ခဲ့ပေမယ့်လည်း လိုအပ်နေတဲ့ အနိုင်ဂိုးကို မသွင်းယူနိုင်ခဲ့ပါဘူး။

 

ဘန်ဇီမာဟာ လေ့ကျင့်ခန်းအစီအစဥ်တွေ ပြုလုပ်နေပြီဆိုပေမယ့် ပီအက်စ်ဂျီနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။ အထူးသဖြင့် ပီအက်စ်ဂျီဘက်က ဒဏ်ရာကပြန်လာမယ့် နေမာနဲ့အတူ အမ်ဘာပေ၊ မက်ဆီ သုံးယောက်လုံး ပွဲထွက်ကစားနိုင်ခြေရှိတာကြောင့် ရီးရဲယ်မက်ဒရစ်ပရိသတ်တွေကတော့ ဒီအပေါ်မှာ စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ 

Share

Loading Next Article...