• သူ့ရဲ့ပေါ်တူဂီကစားသမားကို မန်စီးတီးပြောင်းခိုင်းဖို့ ဆန္ဒရှိတဲ့ ဂျော့ချ်မန်ဒက်စ်ရဲ့အသံဖိုင် ပေါက်ကြားလာ

ဒီကစားသမားကတော့ နောက်ထပ်အသင်းပြောင်းဖို့ သတင်းထွက်နေပါပြီ။
[Zawgyi Version]

အေးဂျင့်လောကမှာ ဆရာတဆူအဖြစ်လည်း တင်စားခံထားရတဲ့ ဂျော့ချ်မန်ဒက်စ်က သူ့ရဲ့ ကစားသမားတယောက်ဖြစ်တဲ့ ယာအိုဖီးလစ်ကို မန်စီးတီးထံ ပြောင်းရွှေ့ကစားဖို့ တိုက်တွန်းနေတဲ့ အသံဖိုင် ပေါက်ကြားလာခဲ့ပါတယ်။ ယာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) နွေရာသီမှာ ဘင်ဖီကာကနေ အက်သလက်တီကို,ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် ဂရစ်ဇ်မန်းနေရာ အစားထိုးဖို့ မျှော်လင့်ခံထားရတဲ့ စပိန်မြေမှာ လုံလောက်တဲ့ ခြေစွမ်းကို မပြသနိုင်ခဲ့ဘဲ အက်သလက်တီကိုကနေ ပြန်လည်ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိ အက်သလက်တီကိုနည်းပြ ဆီမြွန်နီရဲ့ အဓိက,ကစားသမားအဖြစ် သတ်မှတ်ခံထားရဆဲဆိုပေမယ့် ယာအိုဖီးလစ်ဟာ အက်သလက်တီကိုအတွက် ပွဲပေါင်း (၉၄) ပွဲကစား၊ (၂၂) ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

အသက် (၂၂) နှစ်အရွယ် ဒီကစားသမားလေးကို ခေါ်ယူဖို့ အာဆင်နယ်၊ ယူနိုက်တက်တို့က စိတ်ဝင်စားနေတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ စပိန်အခြေစိုက် AS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်ကတော့ ယာအိုဖီးလစ်ကို မန်စီးတီးဆီ သွားဖို့သာ ဆန္ဒရှိနေတယ်လို့ ပေါက်ကြားလာတဲ့ အသံဖိုင်တွေအရ သိရပါတယ်။

ဒီအသံဖိုင်ကတော့ ယာအိုဖီးလစ် အက်သလက်တီကို,ကို မပြောင်းခင်မှာ ဘင်ဖီကာရဲ့ လူငယ်အားကစားဒါရိုက်တာ ဘရူနိုမာရူတာနဲ့ ပြောကြားထားတဲ့ အသံဖိုင်ပါ။ အဲ့ဒီအချိန်မှာ ဂျော့ချ်မန်ဒက်စ်က “ကျနော် ဘင်ဖီကာ ဥက္ကဌကို ယူရိုသန်း (၁၂၀) တန်တဲ့ ကမ်းလှမ်းမှုကို ယူလာမယ်ပြောထားတယ်။ အသင်းက လေးသင်းရှိတယ်”

“ဒါပေမယ့် အခု ပြဿနာက အက်သလက်တီကိုကပဲ ယူရိုသန်း (၁၂၀) ပေးတာဖြစ်ပြီး နောက်တလမ်းရွေးစရာက ယာအိုဖီးလစ်ကို ဘင်ဖီကာမှာပဲ တစ်နှစ်ဆက်ထားဖို့ပဲရှိတယ်။ ယာအိုဖီးလစ်အတွက် အကောင်းဆုံးက ဂွါဒီယိုလာရဲ့ မန်စီးတီးပဲ” လို့ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း အခုချိန်မှာသာ ယာအိုဖီးလစ် အက်သလက်တီကိုက ထွက်ခွာဖြစ်ခဲ့မယ်၊ မန်စီးတီးကလည်း ယာအိုဖီးလစ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေဆဲဆိုရင်တော့ ဂျော့ချ်မန်ဒက်စ်ရဲ့ ဆန္ဒတွေ ပြည့်မြောက်သွားနိုင်ပါတယ်။ 

Share

Loading Next Article...