• TikTok ရဲ့ အမေရိကန်စီးပွားရေး လုပ်ငန်းများ Oracle ဝယ်ယူဖို့ ညှိနှိုင်းနေ

ကာယကံရှင်ကုမ္ပဏီတွေကတော့ မှတ်ချက်မပေးသေးပါဘူး။

အမေရိကန်အစိုးရရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ TikTok ကို ဝယ်ဖို့ စိတ်ဝင်စားနေတဲ့ အမေရိကန်ကုမ္ပဏီတွေထဲမှာ Oracle လည်း ပါလာပါတယ်။ 

ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Oracle ဟာ TikTok ကို ဝယ်ချင်နေတယ်လို့ Financial Times သတင်းက ဆိုပါတယ်။ လယ်ရီအယ်လီဆင် တည်ထောင်ထားတဲ့ ဒီကုမ္ပဏီဟာ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance နဲ့လည်း အကြိုဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သတင်းက ဖော်ပြထားပါတယ်။ 

image

Photo: Financial Times

Oracle ဟာ TikTok ရဲ့ အမေရိကန် ၊ ကနေဒါ ၊ ဩစတြေးလျနဲ့ နယူးဇီလန်လုပ်ငန်းတွေကို ဝယ်ဖို့ TikTok မှာ ရင်းနှီးမြှပ်နှံထားတဲ့ နိုင်ငံအတွင်းက ငွေကြေးရင်းနှီးမြှပ်နှံမှုကုမ္ပဏီတွေနဲ့ ဆွေးနွေးထားတယ်လို့လည်း ဆိုပါတယ်။ ဒီသတင်းကို TikTok နဲ့ Oracle တို့ရဲ့ ပြောရေးဆိုင်ခွင့်ရှိသူများက မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပါဘူး။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ TikTok ကို ရက် ၉၀ အတွင်း အမေရိကန်ကုမ္ပဏီတစ်ခုခုကို ရောင်းချဖို့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ အမျိုးသားလုံခြုံရေး စိုးရိမ်ချက်ကြောင့် ဒီအမိန့်ကို ထုတ်လိုက်တာ ဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ အစောပိုင်းက TikTok ကို အမေရိကန်စီးပွားရေးလုပ်ငန်းတွေကနေ ၄၅ ရက်အတွင်း ရုပ်သိမ်းဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

Oracle တည်ထောင်သူ လယ်ရီအယ်လီဆင် (Photo: nbcchicago)



ဒီညွှန်ကြားချက် ထွက်လာပြီးနောက် TikTok ရဲ့ အမေရိကန်စီးပွားရေး လုပ်ငန်းတွေကို ဝယ်ချင်တဲ့ ကုမ္ပဏီများအကြောင်း ကြားလာပါတယ်။ Microsoft ကတော့ TikTok ကို ဝယ်ဖို့အတွက် တရားဝင် ပြောကြားထားတဲ့ အမေရိကန်နည်းပညာကုမ္ပဏီ ဖြစ်ပါတယ်။ The Wall Street Journal သတင်းအရ Twitter ဟာလည်း TikTok နဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

လောလောဆယ် ByteDance ဟာ TikTok ကို ဘယ်ဈေးနဲ့ ရောင်းမလဲဆိုတာ ပြောကြားခြင်း မရှိပါဘူး။ TikTok ဟာ အမေရိကန်လူငယ်ထုအကြား ရေပန်းစားနေတဲ့ လူမှုကွန်ရက် app တစ်ခုဖြစ်ပြီး လစဉ်ပျမ်းမျှ ၈၅ သန်း သုံးစွဲနေကြတာပါ။ တစ်ကမ္ဘာလုံးမှာ TikTok ကို ဒေါင်းလုပ်ဆွဲမှုပေါင်း သန်း ၁၀၀၀ ကျော် ရှိနေပြီး အမေရိကန်တစ်နိုင်ငံတည်းမှာကို ဒေါင်းလုပ်ဆွဲမှုပေါင်း ၁၇၅ သန်း ကျော် ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က