TikTok မှာ followers ၈၇ သန်းရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်ဟာ အခုတော့ TikTok ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Triller app ကို သုံးနေပြီလို့ ဆိုပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ TikTok ပေါ် ပိတ်ပင်မှု လုပ်လာပြီးနောက် ချာလီ နဲ့ ဒီဇီဒီအမ်မယ်လီယို အပါအဝင် နာမည်ကြီး TikTok content creators တစ်ချို့ဟာ Triller app ကို သုံးလာကြတယ်လို့ Los Angeles Times သတင်းမှာ ဖော်ပြထားပါတယ်။ ဒီအမ်မယ်လီ မိသားစု Triller app သုံးလာကြောင်းလည်း Triller ဘက်မှ ထုတ်ပြန်ပါတယ်။
Photo: The Verge
"ဒီအမ်မယ်လီမိသားစုတွေ Triller မိသားစုဝင်တွေ ဖြစ်လာတဲ့အပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ သူတို့ဟာ ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ စွယ်စုံရ ပါရမီကောင်းမိသားစုတစ်ခုပါပဲ" လို့ Triller ရဲ့ အမှုဆောင်ဥက္ကဌ ဖြစ်သူ ဘော်ဘီဆာနီဗက်ချ်က ဆိုပါတယ်။
ချာလီ ဒီအမ်မယ်လီယို မိသားစုဟာ TikTok မှာ follower အများဆုံး ရထားသူတွေ ဖြစ်ပါတယ်။ ချာလီမှာ follower ၈၇ သန်း ရှိပြီး သူမရဲ့ ညီမ ဒီဇီဟာ TikTok follower ၃၄ သန်း ၊ သူမဖခင် မာ့စ်ဟာ follower ၇ သန်း နဲ့ သူမမိခင်ဟိုင်ဒီဟာ follower ၅.၆ သန်းစီ ရှိပါတယ်။ ချာလီအနေနဲ့ Triller နဲ့ သီးသန့် သဘောတူညီမှုလုပ်မထားတာကြောင့် တစ်ခြား Social Networks တွေ ဖြစ်တဲ့ TikTok ၊ YouTube နဲ့ Instagram တို့လို app တွေမှာ Contents တွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
Triller ရဲ့ အမှုဆောင်အရာရှိချုပ် မိုက်ခ်လုကတော့ ဒီအမ်မယ်လီယိုတို့ အပါအဝင် Social Influencer တွေနဲ့ စပြီး စာချုပ်ချုပ်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ Triller ဟာ မကြာသေးခင်ကပဲ အသက် ၁၈ နှစ်အရွယ် TikTok star တစ်ဦးဖြစ်တဲ့ ဂျို့ရှ်ရစ်ချတ်စ်ကို ကုမ္ပဏီရဲ့ ဗျူဟာပိုင်းအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
Photo: Tech Crunch
လော့စ်အိန်ဂျလိစ်အခြေစိုက် Triller app ကို ၂၀၁၅ ခုနှစ်မှာ စပြီး ဖြန့်ချိခဲ့တာ ဖြစ်ပြီး သမ္မတထရမ့်မှ TikTok ကို ကန့်သတ်မှုတွေ စပြီး လုပ်လာတဲ့နောက် Triller app ကို သုံးစွဲသူ ပိုမြင့်တက်လာပါတယ်။ လက်ရှိမှာ Triller app ကို လစဉ်သုံးစွဲသူ သန်း ၁၀၀ ကျော်နဲ့ နေ့စဉ်သုံးစွဲသူ ၂၇ သန်းကျော် ရှိတယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။
နိုင်ငံ့လုံခြုံရေး စိုးရိမ်ချက်ကြောင့် နိုင်ငံတစ်ချို့မှာ TikTok ကို ကန့်သတ်မှု လုပ်လာခြင်းကြောင့် TikTok Content Creators တွေလည်း တစ်ခြားဝန်ဆောင်မှု ပလက်ဖောင်းပေါ် ပြောင်းရမလားဆိုပြီး စိုးရိမ်မှု ရှိနေပါတယ်။ Triller အနေနဲ့ influencer တွေကို Paid Deals လုပ်ပြီး ပိုက်ဆံပေးသွားမယ်ဆိုရင် TikTok ကို ပိုပြီး ခြိမ်းခြောက်နိုင်ဖို့ ရှိပါတယ်။