• TikTok ကို App Store တွေကနေ Ban ဖို့ Google နဲ့ Apple ကို FCC ကော်မရှင်နာ တိုက်တွန်း

ဇူလိုင် ၈ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းပေးဖို့လည်း တောင်းဆိုထားပါတယ်

TikTok ဟာ အမေရိကန်အတွက် လုံခြုံရေးအန္တရာယ်တစ်ခုအဖြစ် ဖက်ဒရယ်ဆက်သွယ်ရေး ကော်မရှင်နာ ဘရန်ဒန်ကားက ယူဆထားပါတယ်။ 

အမေရိကန်သုံးစွဲသူတွေဆီက လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုတဲ့ BuzzFeed News ရဲ့ သတင်းထွက်လာပြီးနောက် FCC ကော်မရှင်လူကြီးတစ်ဦး ဖြစ်တဲ့ ကားက TikTok ကို App Stores တွေပေါ်ကနေ ပိတ်ပေးဖို့ Apple နဲ့ Google ကို စာရေးတောင်းဆိုခဲ့ပါတယ်။ 

TikTok ကုမ္ပဏီတွင်း အစည်းအဝေး ၈၀ ကနေ ပေါက်ကြားလာတဲ့ အသံဖိုင်တွေကို စစ်ဆေးထားတဲ့ BuzzFeed News ရဲ့ အစီရင်ခံကို ကိုးကားပြီး ကော်မရှင်နာမင်းကြီးက သူ့ရဲ့ အိတ်ဖွင့်ပေးစာမှာ TikTok ကို Google နဲ့ Apple တို့ရဲ့ App Store တွေပေါ်ကနေ ဖယ်ရှားပေးဖို့ ကုမ္ပဏီတွေကို တောင်းဆိုတိုက်တွန်းခဲ့တာပါ။ "TikTok ဟာ ဗွီဒီယို App တစ်ခုပဲ မဟုတ်ဘူး။ ဒါက သိုးရေခြုံထားတာပဲ" လို့ FCC ကော်မရှင်မင်းကြီးရဲ့ စာမှာ ဖော်ပြထားပါတယ်။  

image



ပေါက်ကြားခဲ့တဲ့ အသံဖိုင်မှတ်တမ်းတွေအရဆို တရုတ်မှာရှိတဲ့ TikTok မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေဟာ အမေရိကန် Users တွေဆီက အချက်အလက်တွေကို ကြိုက်သလို ရယူနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲမှာ လုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း TikTok ရဲ့ ယုံကြည်မှုနဲ့ ဘေးကင်းရေးဌာန အဖွဲ့ဝင်တစ်ဦးက "အကုန်လုံးကို တရုတ်မှာ မြင်နိုင်တယ်" လို့လည်း အသံဖိုင်မှာ ပြောထားတယ်လို့ ဆိုပါတယ်။ နောက်ထပ် အစည်းအဝေးတစ်ခုမှာဆို ဒါရိုက်တာတစ်ဦးက ဘေဂျင်းအင်ဂျင်နီယာတစ်ဦးကို အရာရာ ကြိုက်သလိုယူနိုင်တဲ့ Master Admin အဖြစ် တင်စားပြောထားပါတယ်။ 


BuzzFeed News ဆီက အစီရင်ခံစာမထွက်ခင် နာရီပိုင်းအလိုကပဲ ကုမ္ပဏီဟာ အမေရိကန်သုံးစွဲသူတွေရဲ့ လမ်းကြောင်းအားလုံး Oracle Cloud Infrastructure သစ်တစ်ခုဆီ ရာနှုန်းပြည့် ပြောင်းရွှေ့ထားတယ်လို့ TikTok က ကြေညာခဲ့ပါတယ်။ ဒါဟာ TikTok အနေနဲ့ အမေရိကန်အတွင်း လူမှုကွန်ရက်သုံးစွဲသူတွေဆီက သတင်းအချက်အလက်ပေါ် ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်အာဏာပိုင်တွေဆီက စိုးရိမ်ချက်ကို ဖြေရှင်းဖို့ လုပ်ဆောင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ 

FCC ကော်မရှင်နာကားဟာ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ သုံးစွဲသူတွေဆီက ကိုယ်ရေးအချက်အလက်တွေကို ကာယကံရှင်တွေကို အသိမပေးဘဲ ရယူပြီး ကြော်ငြာရှင်တွေ ရောင်းချတဲ့ ဒါဇင်နဲ့ချီတဲ့ အမှုတွေမှာ TikTok ကုမ္ပဏီ ဒေါ်လာ ၉၂ သန်း လျော်‌လိုက်ရတဲ့ အချက်ကို ထောက်ပြပြီး TikTok ဟာ ထိလွယ်ရှလွယ်အချက်အလက်တွေကို အစစ်အဆေးမရှိ ဘေဂျင်းကနေ ရယူနိုင်တဲ့အတွက် လက်ခံနိုင်စရာမရှိတဲ့ အမျိုးသားလုံခြုံရေး အန္တရာယ်တစ်ခု ဖြစ်လာကြောင်း ပြောထားပါတယ်။



TikTok ကို App Stores တွေပေါ်ကနေ ဖယ်ရှားဖို့ Google နဲ့ Apple တို့ဘက်က ငြင်းဆန်မယ်ဆိုရင် ဘာကြောင့် ဒီ App ကို ဖြုတ်မချတဲ့အကြောင်း ဇူလိုင် ၈ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းပေးဖို့လည်း ကားက တောင်းဆိုထားပါတယ်။ ပေးစာမှာ သူတစ်ဦးတည်း လက်မှတ်ထိုးထားပြီး တခြား FCC ကော်မရှင်နာတွေတော့ ပါဝင်ခြင်း မရှိပါဘူး။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က