ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ခန်းဆင်းနေတဲ့ တိုနီကရူးစ်ဟာ လက်ရွေးစင်အသင်းဖော် မူဆီအာလာရဲ့ ခြေစွမ်းကို တစ်ကြိမ်မြင်ရုံနဲ့ တော်တော်လေး သဘောကျသွားခဲ့ကြောင်း ဖွင့်ဟလာပါတယ်။ တိုနီကရူးစ်ဟာ ဂျာမနီအသင်းမှာ တစ်ကျော့ပြန် ပါဝင်လာခဲ့တာပါ။

အစောပိုင်းမှာ တိုနီကရူးစ်က နိုင်ငံတကာ ကစားသမားဘဝကနေ အနားယူထားပြီးဖြစ်ပေမယ့် ဒီတစ်ပတ် ကစားမယ့် နိုင်ငံတကာ ခြေစမ်းပွဲတွေအတွက် လက်ရွေးစင်အသင်းမှာ ပြန်လည် ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်ကြယ်ပွင့် မူဆီအာလာနဲ့အတူ လေ့ကျင့်ခန်းဆင်းနေခဲ့တာပါ။

ဒီလိုမျိုး မူဆီအာလာက တိုနီကရူးစ်နဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာတင် ဖလော်ရီယန်ဝစ်ဇ်၊ တိုနီကရူးစ်တို့လို ကစားသမားတွေကို လှလှပပ ကျော်ဖြတ်ခဲ့ပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ကလည်း ဒီရာသီမှာ လေဗာကူဆင်အတွက် အထူးခြေစွမ်းပြနေတဲ့ ကစားသမားတစ်ယောက်ပါ။
ဒီလိုမျိုး မူဆီအာလာရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ တိုနီကရူးစ်က “ကျွန်တော် ဘွန်ဒက်စ်လီဂါပွဲတွေကို အများကြီး မကြည့်ဖြစ်ဘဲ ချန်ပီယံလိဂ်ပွဲတွေကိုပဲ ပိုကြည့်ဖြစ်ပါတယ်။ မူဆီအာလာကိုလည်း ချန်ပီယံလိဂ်ပွဲတွေမှာ စောင့်ကြည့်ဖြစ်ပါတယ်။ အရင်တုန်းက သူ့ကို ကျွန်တော် အပြင်မှာမမြင်တွေ့ခဲ့ဖူးပါဘူး”
“ဒါပေမယ့် ဒီမနက် လေ့ကျင့်ခန်းအစီအစဉ်တစ်ခုနဲ့တင် ကျွန်တော့်အတွက်က လုံလောက်သွားပါပြီ။ သူတို့အနေနဲ့ ဘောလုံးကို လွတ်လွတ်လပ်လပ် ကစားဖို့ လိုအပ်ပါတယ်။ ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကိုလည်း မြင်ပါတယ်။ ဒီကစားသမားလေးတွေက ဘောလုံးပွဲတွေအတွက် တော်တော်လေး ကောင်းပါတယ်။ သူတို့ ကစားရတာ ပျော်မယ့်နေရာတွေကို ကျွန်တော်တို့ ပို့ပေးဖို့လိုအပ်ပြီး ဒါကလည်း ကျွန်တော့်အလုပ်တစ်ခုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။