ဈေးသက်သာတယ်ဆိုပေမယ့် လက်ရာကိုအဓိကထားရောင်းပါတယ်။

ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေချိန်မှာမုန့်ဟင်းခါးတစ်ပွဲကို (၃၀၀) ကျပ်နဲ့ရောင်းပေးနေတဲ့ဆိုင်လေးက ကြည့်မြင့်တိုင်မြို့နယ်မှာ ရှိနေပါတယ်။ဒီဆိုင်လေးက ဖွင့်ထားတာသိပ်မကြာသေးပေမယ့် ဈေးလဲသက်သာ၊ အရသာလည်းကောင်းတာကြောင့် လူကြိုက်များနေတဲ့မုန့်ဟင်းခါးဆိုင်လေးဖြစ်ပါတယ်။



ခက်ခဲနေချိန်မှာ ကူညီပေးဖို့စိတ်ကူးနဲ့စခဲ့တဲ့ဆိုင်လေး

ဒီဆိုင်လေးကိုတော့ ပရဟိတနှလုံးသားလူမှုကူညီရေးအသင်းက ဦးစီးဖွင့်လှစ်တာဖြစ်ပြီး အစစအရာရာ အကျပ်အတည်းဖြစ်နေချိန်မှာ စားသုံးသူတွေ ဈေးသက်သက်သာသာနဲ့စားသုံးနိုင်စေဖို့ စိတ်ကူးနဲ့ ဒီမုန့်ဟင်းခါးဆိုင်းလေးကို စတင်ဖွင့်လှစ်ခဲ့တာပါ။

“ ဖွင့်ထားတာ (၂) ပတ်ရှိပြီ။ အပြင်မှာဆို မုန့်ဟင်းခါးတစ်ပွဲ (၈၀၀၊ ၁၀၀၀) လောက်ဖြစ်နေပြီ။ ဒါကြောင့်မို့ ကျွန်တော်တို့က မုန့်ဟင်းခါးတစ်ပွဲကို ဈေးသက်သက်သာသာနဲ့စားနိုင်အောင် (၃၀၀)ကျပ် နဲ့ရောင်းတာပါ။ ဖွင့်ထားတာ မကြာသေးပေမယ့်လည်း စားသုံးသူတွေ တော်တော်များများလာစားကြတယ်” လို့ အသင်းရဲ့ အတွင်းရေးမှူး ကိုချစ်ကိုက ပြောပါတယ်။

ဈေးတန်ပေမယ့် အရသာမလျော့တဲ့ (၃၀၀)တန်မုန့်ဟင်းခါး

တစ်ပွဲကို (၃၀၀) ကျပ်နဲ့သာရောင်းပေမယ့် အရသာကတော့ လုံးဝမလျော့ပါဘူး။ မုန့်ဟင်းခါးကို သေချာချက်ပြုတ်တတ်တဲ့ အသင်းသူ အမျိုးသမီးတွေ ကိုယ်တိုင်ဦးစီးကာ လက်ရာကောင်းကောင်းချက်ပြုတ်ထားပြီး ငရုတ်ကောင်းမုန့်ဟင်းခါးဆိုပြီး ရောင်းချတာဖြစ်ပါတယ်။

“ အသင်းသူ အစ်မတွေက လက်ရာကောင်းကောင်းချက်နိုင်တယ်။ ဈေးကတော့ ၃၀၀ ဆိုပေမယ့် ဆိုင်ကောင်းကောင်းတွေမှာစားရသလို ခံစားရစေမယ်။တစ်ချို့ စားသုံးသူတွေ ကြိုက်ကြလို့ တစ်ယောက်ကို (၃)ပွဲလောက်စားကြတယ်” လို့ ဆိုပါတယ်။

လူတန်းစားမရွေးလာစားကြတဲ့ဆိုင်လေး

ဒီဆိုင်လေးကို အခြေခံလူတန်းစားတွေတင်မကဘဲ လက်ရာကို နှစ်သက်ကြတဲ့အတွက် လူတန်းစားမရွေးလာစားကြပါတယ်။ ဈေးနှုန်းကတော့ အလွတ်တစ်ပွဲကို (၃၀၀) ကျပ်၊ ငါးဖယ်၊ အကြော်နဲ့ဆို (၅၀၀) ကျပ်၊ အိုးဘဲဥနဲ့ဆို (၇၀၀) ကျပ်နဲ့ရောင်းချတာဖြစ်ပါတယ်။  

“ ကြားရက်ဆို (၁၂) ပိဿ၊ ပိတ်ရက်ဆို တစ်နေ့ကို (၁၇) ပိဿလောက်ကုန်တယ်။ ဈေးသက်သာတယ်ဆိုပေမယ့် လက်ရာကို အဓိက ထားရောင်းပါတယ်။  လက်ရာလည်းကောင်းရမယ်၊ စားသုံးသူလည်း အဆင်ပြေစေရမယ်။ လို့ ဆိုပါတယ်။

ပီတိကိုစားတဲ့ သူတို့တွေ

ဒီမုန့်ဟင်းခါးဆိုင်လေးကို ပရဟိနှလုံးသားလူမှုကူညီရေးအသင်းသူ အသင်းသားတွေက ဝိုင်းဝန်းလုပ်ကိုင်ရောင်းချကြတာဖြစ်ပြီး အမြတ်ငွေတော့မရပေမယ့် အားပေးကြတဲ့အတွက် ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။  ဒါကြောင့်မို့  တစ်ပွဲ (၃၀၀) ကျပ်နဲ့ မုန့်ဟင်းခါးဆိုင်လေးကို အမြဲရောင်းချသွားဖို့လည်း စိတ်ကူးထားပါတယ်။

“ အမြတ်တော့မရပါဘူး။ ဒါပေမယ့် နောက်နေ့ ပြန်ရောင်းဖို့ ငွေတော့ ရတယ်။အသင်းက အစ်မတွေက ချက်တတ်တယ် အသင်းသားတွေက ဝိုင်းကူညီပေးကြတယ်။ ကျွန်တော်တို့ကတော့ အခြေခံလူတန်းစားတွေ ဒီလိုသက်သက်သာသာနဲ့စားနိုင်တာကိုပဲ ဝမ်းသာကြည်နူးပါတယ်” လို့ အသင်းရဲ့ အတွင်းရေးမှူး ကိုချစ်ကိုက ဆိုပါတယ်။

(၃၀၀) တန်မုန့်ဟင်းခါးစားချင်သူတွေအတွက်

ဒီဆိုင်လေးက ကြည့်မြင့်တိုင်မြို့နယ် ကျောင်းကြီးလမ်း၊ မဟာသကျမုနိဘုရားဘေး၊ ပရဟိတနှလုံးသားလူမှုကူညီရေးအသင်းရုံးခန်းအပြင်ဘက်မှာ ဖွင့်လှစ်ထားပါတယ်။ အပတ်စဉ် တင်္နလာ၊ အင်္ဂါရက်တွေမှာတော့ ပိတ်ထားပြီး ကျန်ရက်တွေမှာတော့  နေ့လယ် (၁၂) နာရီကနေ ညနေ (၅) နာရီခွဲလောက်ထိ ဖွင့်လှစ်ရောင်းချပါတယ်။


Share

Loading Next Article...
က္က