တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို သြဂုတ်လနောက်ပိုင်းမှ ထုတ်ပြန်ပေးသွားဖို့ ရှိနေပြီး အွန်လိုင်းစနစ်တစ်မျိုးတည်းနဲ့သာ ထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က Duwun ကိုပြောပါတယ်။
နှစ်စဉ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို အွန်လိုင်းစနစ်၊ စာသင်ကျောင်းတွေမှာ ကပ်တဲ့စနစ် ဆိုပြီး စနစ် နှစ်မျိုးနဲ့ ထုတ်ပြန်ပေးနေရာ ယခုနှစ်မှာတော့ လူစုလူဝေးတွေမဖြစ်အောင် Social Distancing (ခပ်ခွာခွာနေခြင်း) ဆိုတဲ့ ကိုဗစ်ကာကွယ်ရေးကန့်သတ်ချက်တွေကြောင့် အောင်စာရင်းကို စာသင်ကျောင်းတွေမှာကပ်ဖို့ အခက်အခဲရှိနေတယ်လို့ ဦးမျိုးညွှန့်က ဆိုပါတယ်။
“အောင်စာရင်းကို အပြင်မှာ လာကြည့်တဲ့သူတွေကများတော့ Social Distancing နဲ့ လုပ်ဖို့က အခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့် အွန်လိုင်းသီးသန့်ပဲ လုပ်ဖို့စီစဉ်ထားပါတယ်။ တစ်ချို့ကလည်း ကိုယ်တိုင် အပြင်မှာ လာကြည့်မှ ကျေနပ်ကြတယ်။ ဒါပေမယ့် ကျန်းမာရေးဆိုတော့ သည်းခံရမှာပေါ့။ အောင်စာရင်းထုတ်ပြန်မယ့် အချိန်မှာ ကိုဗစ်ကလည်း ငြိမ်သွားမယ်။ လူစုလူဝေးတွေ မလုပ်ရဘူးဆိုတဲ့ကန့်သတ်ချက်တွေမရှိတော့ဘူးဆိုရင်တော့ ကျွန်တော်တို့ အရင်လိုပဲ ကျောင်းတွေမှာ ကပ်ပေးမှာပါ။ အတိအကျတော့ ပြောလို့မရသေးပါဘူး။ အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်မှာပါ။ “ လို့ ဦးမျိုးညွန့်ကဆိုပါတယ်။
Photo- ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများထုတ်ပြန်ချိန် လာရောက်ကြည့်ရှုသူများနဲ့ တိုးကြိတ်စည်ကားခဲ့စဉ်။
လက်ရှိတော့ တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေကို တစ်နိုင်ငံလုံးကတက္ကသိုလ် ဆယ်ခုမှာ ဇွန်လ ၅ ရက်ကနေ ၁၉ ရက်အထိ စစ်ဆေးနေပြီး အောင်စာရင်းတွေကိုတော့ သြဂုတ်လနောက်ပိုင်းမှာမှ ထုတ်ပြန်ပေးသွားမှာဖြစ်ကာ အချိန်အတိအကျကို ကြေညာပေးမယ်လို့လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဆိုပါတယ်။
“အောင်စာရင်းတွေကို ကျောင်းတွေမှာ ကပ်ထားပေးမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်ချင်ကြမှာပဲလေ။ အဲဒီအခါ ရောဂါအတွက် စိုးရိမ်စရာဖြစ်နိုင်တယ်။ ဒါကြောင့် အွန်လိုင်းစနစ်တစ်မျိုးတည်းနဲ့ပဲ ထုတ်ပြန်ပေးမယ်ဆိုရင် အပြင်မှာ သွားကြည့်စရာမလိုတော့ပါဘူး။ ကျောင်းသားတွေအတွက်ရော မိဘတွေအတွက်ရော အဆင်ပြေပါတယ်။” လို့ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ ကျောင်းသားတစ်ဦးရဲ့ ဖခင်ဖြစ်သူ ကိုထိန်လင်းက Duwun ကိုပြောပါတယ်။
ဒါ့အပြင် အခုနှစ်အတွက် သူငယ်တန်းကနေ နဝမတန်းအထိ အခြေခံပညာအတန်းအောင်စာရင်းတွေကိုလည်း ဇွန်လ ၁၃ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သက်ဆိုင်ရာကျောင်းတွေမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကိုဗစ်ကာလမှာ ပထမဆုံး ထုတ်ပြန်ကြေညာခဲ့ရတဲ့ အောင်စာရင်းဖြစ်တာကြောင့် လူစုလူဝေးမဖြစ်အောင် လူ အကန့်အသတ်နဲ့သာကြည့်ရှုခွင့်ရခြင်း၊ အောင်စာရင်းကြည့်ရာမှာ တစ်ဦးနဲ့ တစ်ဦး ၆ ပေခြားနိုင်အောင် နေရာသတ်မှတ်ပေးထားခြင်း၊ လာကြည့်သူတွေကို အပူချိန်တိုင်းပေးခြင်းစတဲ့ စတဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။